************************************************************************************
ကိုပြေဇော်ရှင်းပြတာတွေ ကျနော်သဘောကျပါတယ်။
အနှစ်ချုပ်လိုက်ရင် ပဉ္စခန္ဓာ၊ ဥပါဒါနက္ခန္ဓာလို့ သုံးတဲ့နေရာမှာ အနုဿယပါပယ်ပြီး မပြီးပေါ်မှာကြည့်ပြီးခွဲတာ ပိုပြီး နေရာကျပါလိမ့်မယ်လို့ ကောက်ချက်ချပါတယ်ဆိုတာကိုလက်ခံပါတယ်။
ကျွန်တော် သံယယရှိတာလေးတွေ ဆက်ပြီးဆွေးနွေးပါရစေ။ ပဉ္စခန္ဓာကို တခြားနည်းနဲ.ပြောမယ်ဆိုလျှင် အတိတ်က အကျိုးပေးကံ ၀ိပါက၀တ်ကြောင်.ဖြစ်တဲ. ၀ိပါကခန္ဓာလိုပြောလျှင်ရပါသလား။
ကျွန်တော်အမြင်တော.
မိုးကုတ်ဆရာတော်ကြီး ၀ိပသာနာမရှုခိုင်းတာဟာ ပဉ္စခန္ဓာဟာအထည်ပညတ်ခန္ဓာဖြစ်လို့မြင်ပါ တယ်။ဥပမာ ၀ိပသာနာရှုတဲ.သူဟာ ပဉ္စခန္ဓာကို ရှုနေခြင်းသည်ခေါင်းပဲ၊လက်ပဲ၊ခြေပဲ၊ ကိုယ်ပဲလို၊အမည်ပညတ်၊အတုံးအခဲပုံသဏ္ဍာန်ပညတ်ကိုရှုနေခြင်း လိုထင်ပါတယ်။ အဲဒီပညတ်တွေကိုဖျောက်ပြီး ခန္ဓာကိုယ်ထဲ.မှာရှိတဲ. ဓာတ်ကြီးလေးပါး၏ လက်ခါဏာသဘောတွေ၊ ဖောက်ပြန်မှုသဘော၊ စသည့် ပရမတ်သဘော ဥာဏ်ဆိုက်မှသာ ကာယသတိပဌာန်း၊ ဓာတ်ကမဌာန်း လိုနည်းဖြင့် လမ်းကြောင်းအမှန်ရှု ခြင်းမြင်ပါတယ်။ တချို.ဆရာတော်များက ဥပါဒါနက္ခန္ဓာကို ၀ိပသာနာရှုရမယ်၊ တခြားခန္ဓာကိုမရှုရဘူးလိုဆိုခြင်းသည်ဘာကိုရည် ရွယ်ပါသလဲ။
ပဉ္စခန္ဓာကို မရှုရဘူးဆိုလျင်လည်း ပုထုဇဉ်၊သောတပန်၊သကမ်ဒမ်၊အနာဂမ်ဖြစ်သောသူမှာ အနုသယမပါယ်သောကြောင်. ပဉ္စခန္ဓာဖြစ်ခွင်. မရှိဘူး ဒါကြောင်.ဘယ်ခန္ဓာကိုမရှုရဘူးလိုရည်ရွယ်ပြီးပြောပါသလဲ။
*******************************************************************************
ကျွှန်တော် နားလည်ထားတာက ပဉ္စခန္ဓာဆိုတာ ခန္ဓာအားလုံးကို ဆိုလိုပါတယ်။
ရှုမြင်သူက တဏှာ ဒိဋ္ဌိနဲ့ ရှုရင် ဥပါဒါနက္ခန္ဓာ၊ မရှုရင် ပဉ္စခန္ဓာ အခေါ်ပဲ ပြောင်းပါတယ်။ အားလုံးက ပင်ကို အရှုခံသဘောကတော့ တူတူပါပဲ။
သို့သော် ၀ိပဿနာရှုဖို့ကျတော့ ပဉ္စခန္ဓာလို့ မသုံးပဲ ဥပါဒါနက္ခန္ဓာလို့ သုံးလိုက်တာက အကြောင်း ၂ ချက်ကြောင့်လို့ မြင်ပါတယ်။
ပဉ္စခန္ဓာဆိုရင် ရှိသမျှ ခန္ဓာ အကုန်ဖြစ်သွားမယ်။ မဂ်၊ ဖိုလ်ဆိုတဲ့ လောကုတ္တရာ နာမ်ခန္ဓာတွေပါ ၀ိပဿနာရှုခိုင်းသလို ဖြစ်သွားမယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ရဟန္တာအရှင်မြတ်တွေကလွဲရင် ကျန်ပုထုဇဉ်နဲ့ ကျင့်ဆဲ ပုဂ္ဂိုလ်အားလုံးသည် အ၀ိဇ္ဖာ တဏှာအကြွင်း ရှိသူတွေချည်းဖြစ်နေလို့ ဥပါဒါနက္ခန္ဓာဆိုပြီး သုံးလိုက်တယ်လို့ ယူဆပါတယ်။
နောက် ပဉ္စခန္ဓာကို အတိတ်အကျိုးပေးဖြစ်တဲ့ ၀ိပါကခန္ဓာလို့ ယူပြီး ပစ္စုပ္ပန်အကျိုး အ၀ိပါကခန္ဓာကို တော့ ဥပါဒါနက္ခန္ဓာလို့ အနက်ကောက်ရင်လည်း မရဘူးလို့ မြင်ပါတယ်။ အမှန်တော့ ၀ိပါက အ၀ိပါကခန္ဓာ အားလုံးသည် ပဉ္စခန္ဓာတွေချည်းပါပဲ။ အတိတ်အကျိုး ကမ္မဇရုပ် မျက်စိအကြည်တွေကောင်းလို့ ‘ငါ့မျက်စိကောင်းတယ်’ လို့ အထင်မှားရင် ၀ိပါက ခန္ဓာကို ‘ငါ’ စွဲနဲ့ ရှုလို့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။
ဒီနေရာမှာ ထိလို့ ကိုင်လို့ရတဲ့ ခန္ဓာကို ပဉ္စခန္ဓာ အတွေးပုံရိပ်မှာပေါ်တဲ့ ကိုင်လို့တွယ်လို့မရတဲ့ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ ပြောဆိုသုံးနှုံးနေတာတွေ တွေ့ရပါတယ်။ ဒီလိုတွေးရင် အတုံးအခဲ ခန္ဓာကို ပဉ္စခန္ဓာ၊ သဏ္ဍာန်ပညတ် အမည်ပညတ်ခန္ဓာတွေကို ဥပါဒါနက္ခန္ဓာလို့ ယူသလို ဖြစ်နေပါတယ်။
ဝိပဿနာရှုတဲ့အခါ အဲဒီအတွေးပုံရိပ်တွေ ပေါ်လာလိုက် ပျောက်သွားလိုက်ကို ရှုဖန်များလာတော့ ဖြစ်ပျက်တွေ့တယ်လို့ ယူဆကြဟန် တူပါတယ်။ တကယ်တော့ အတွေးပုံရိပ်တွေ ပေါ်လာတိုင်း တဏှာ မာန ဒိဌိ မကပ်ငြိအောင် ပေါ်တာကို သိသိပေးနေဖို့က ၀ိပဿနာ ရှုသူရဲ့ အဓိကအလုပ်ပါ။ သတိကပ်လို့ သိသိပေးနေရင် ကိလေသာမကပ်ပဲ ၀ီထိစဉ်ပြတ်ပါတယ်။ သတိမြဲ သမာဓိကဲ လာလို့ တွေ့တဲ့ ဖြစ်ပျက်က အတွေးပုံရိပ် ဖြစ်ပျက်မဟုတ်ပဲ အတွေးပုံရိပ်တွေပေါ်ရာ မနောဒွါရမှီရာ ဟဒယ(ရုပ်) ဖြစ်ပျက်သော်လည်ကောင်း၊ ကြံသိစိတ်(နာမ်) ဖြစ်ပျက်ကိုသော်လည်ကောင်း၊ ပုံရိပ်ကြာင့်ဖြစ်လာတဲ့ ဒုက္ခ၊ သုခ။ ဥပေက္ခာစတဲ့ ဝေဒနာ(နာမ်) ဖြစ်ပျက်ကို သော်လည်ကောင်း မြင်တွေ့လာခြင်းသာ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဤသည်သာ ပရမတ်အစစ် ၀ိပဿနာ အာရုံအစစ်တယ်လို့ နားလည်ပါတယ်။ ဖြစ်ပျက်တွေ့တဲ့အခါ လက္ခဏာသဘောတရားတွေဖြစ်လို့ ဘယ်သူဘယ်ဝါရယ်လို့ အစုအပုံ အကောင်အထည် သဏ္ဍာန် မရှိတော့ပါဘူး။ တစ်ခုတည်းသော ဓမ္မဖြစ်လို့ အရှုခံဓမ္မတစ်ခုနဲ့ သိနေတဲ့ ရှုဉာဏ် နာမ်ဓမ္မတစ်ခု၊ အင်မတန်ရှင်းနေပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ရောရောနှောနှော ဘာမှမရှိပါ။ သမာဓိအားကောင်းလွန်တော့ အာရုံနဲ့ ဒွါရထိတိုင်းထိတိုင်းသိသိ နေတော့ကာ ဖြစ်ပြီးပျက်သွားလာကို ထင်ရှားလာတဲ့ သဘောပါ။ ဒါကိုပဲ ပုံရိပ်တွေကို ရှုနေရင်း တွေ့လာလို့ ဥပါဒါနက္ခန္ဓာသည် အတိတ် ပစ္စုပ္ပန် အနာဂါတ် ပုံရိပ်တွေလို့ ယူလိုက်ကြဟန် တူပါတယ်။
ပဉ္စခန္ဓာပြောပြော ဥပါဒါနက္ခန္ဓာပြောပြော ဘယ်ရုပ်နာမ်ခန္ဓာမဆို ဘုရားဟောက အတုံးအခဲ အထည်သဘောလို့ မဆိုလိုပါ။ အထည်လို့ မြင်တာက ပကတိမျက်စေ့နဲ့ ကြည့်လို့ပါ။ ၀ိပဿနာဉာဏ် မျက်စေ့ဆိုတာ အပြင်က မျက်စေ့ မဟုတ်ပါ။ ပကတိမျက်စေ့နဲ့ ကြည့်လို့ကတော့ မိုးကုတ်ဆရာတော်ကြီး မိန့်သလို ခွေးဟောင်တဲ့ ခန္ဓာကြီးပဲ မြင်ရမှာ။ ဆရာတော်ကြီးက ပကတိ မြင်နေရတဲ့ မျက်စိနှစ်လုံးကို အကန်းမျက်စေ့လို့ သုံးပါတယ်။
ပထ၀ီတေဇောစတဲ့ ပရမတ်ရုပ်တွေကို မနောဒွါရကနေပဲ မြင်တာဖြစ်ပါတယ်။ ရှေ့စိတ်အသေကို နောက်စိတ်နဲ့ ရှုတာလည်း မနောဒွါရကပဲ ဖြစ်ပါတယ်။ သမာဓိ မရခင် နီဝရဏဆိုတဲ့ တရားတွေ ကာဆီးထားလို့ အာရုံမှာ ပေါ်သမျှ မှတ်သားထားတဲ့ အထည်ခန္ဓာတွေနဲ့ တွဲပြီး သဏ္ဍာန်ပညတ်တွေ အမည်ပညတ်တွေ မနောမှာ ပေါ်ပေါ်နေတာ ဖြစ်ပါတယ်။ နီဝရဏတွေ ပျောက်တာနဲ့ ရုပ်ရှုရှု စိတ်ရှုရှု ပရမတ်ဆိုက်တော့တာပါပဲ။ ဥပါဒါနက္ခန္ဓာဆိုတာ လောကီစိတ်အာလုံးနှင့်ရုပ်တွေ။ ကျန်ခန္ဓာဖြစ်တဲ့ မဂ်ဖိုလ်ဆိုတဲ့ လောကုတ္တရာနာမ်ခန္ဓာတွေက ၀ိပဿနာ အာရုံအဖြစ် မရှုထိုက်ပါဘူး။
********************************************************************************************
နောက်မေးခွန်းတခုက သတ်ပဌာန်လေးပါးကို ရှုမှတ်နေခြင်းသည် ဥပါဒါနက္ခန္ဓာကိုရှုခြင်းဖြစ်တယ်လို လုံးဝပြောလိုရပါသလား။ ကျွန်တော်အမြင်တော. အနုသယမပယ်ရသေးသမျှ ပြောလိုရတယ်လိုထင်ပါတယ်။ သတ်ပဌာန်လေးပါးကို ရှုနေခြင်းသည် ဥပါဒါနက္ခန္ဓာကို ရှုနေခြင်းလည်းပါတယ်၊ ၀ိပါကခန္ဓာ၏ဓာတ်သဘောတွေကိုရှုခြင်းလည်းပါတယ်။ အသုဘသဘောကို ရှုခြင်းလည်းပါတယ်။ ရုပ်အမှုန်.လေးတွေရှုတာလည်းပါတယ်။
အဲဒီအရှုခံအားလုံးသည်အပွင့်ဓာတ်မှာလည်းဖြစ်ရမယ့်လိုမြင်ပါတယ်။အပွင့်ဓာတ်ကို ရှုနေစဉ်မှာ ကိုပြေဇော်ပြောသလို အနုသယကိန်းနေလျှင် မဂ်ငါးပါးပြည့်စုံသော်လည်း ဥပါဒါနက္ခန္ဓာလို ကောက်ပါတယ်။စာအရေးအသားများရှုပ်နေခြင်းသည် ကျွန်တော် အပြစ်လိုယူဆပါ။ ကိုပြေဇော် သညာအမှတ် သတ်မှုလွဲနေတာများရှိလျင် ရှင်းလင်းဆွေးနွေးပေးပါ။ကျေးဇူးပါ။
********************************************************************************************
ဥပါဒါနက္ခန္ဓာကို သတိပဋ္ဌာန်လေးပါးနဲ့ ရှုနေတယ်ဆိုတာ လက်ခံပါတယ်။ ၀ိပါကခန္ဓာကို ရှုတယ်ဆိုတာ ရှေ့မှာပြောခဲ့ပါပြီ။ သူလည်း အရှုခံဖြစ်လို့ကတော့ ကျင့်ဆဲ ပုဂ္ဂိုလ်တွေအတွက် ဥပါဒါနက္ခန္ဓာဖြစ်သွားတာပါပဲ။
ဝိပဿနာရှုတဲ့အခါ အရှုခံက ရုပ်ဆိုရင် ၂ မျိုး ရှိနိုင်ပါတယ်။ အတိုက်ဓါတ်ရုပ် (အာရုံရုပ် ၇ မျိုး) နှင့် အခံဓါတ်ရုပ် (မျက်စိ နား နှာ လျာ ကိုယ် အကြည်ရုပ် ၅ မျိုး) ၊ အရှုခံက နာမ်ဖြစ်ရင် လောကီစိတ် ၈၁ နဲ့ ဓမ္မာရုံ တို့ပဲဖြစ်ပါတယ်။ ဓမ္မာရုံမှာ နိဗ္ဗာန်နဲ့ ပညတ်တွေ ပါတယ် ဆိုပေမဲ့ ပညတ်တွေမြင်နေရင် ၀ိပဿနာမဂ် မဖြစ်သေး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဆိုရင် ၀ိပဿနာမဂ်ကျော်သွာပြီး အရိယမဂ် ဆိုက်ပြီ။ ဒါကြောင့် ၀ိပဿနာမဂ်တည့်တည့်မှာ နိဗ္ဗာန်နဲ့ ပညတ်အာရုံတွေ လွတ်နေပါတယ်လို့ မှတ်ယူပါတယ်။ အဲဒီတော့ စေတသိတ် ၅၂ နဲ့ သုခုမရုပ်လို့ခေါ်တဲ့ အပြင်ဒွါရ ၅ ပေါက်က မတွေ့နိုင်တဲ့ ရုပ်နုတွေဖြစ်ပါတယ်။ အဓိကကတော့ ဟဒယ၀တ္တုရုပ်ကို ရှုဖို့ဖြစ်တယ်လို့ ဖာအောက်ဆရာတော်ကြီးကျမ်းမှာ တွေ့ရပါတယ်။
အဲဒီမှာ အခံဓါတ်ရုပ်တရားတွေက ၀ိပါကရုပ်တွေပါပဲ။ အတိတ်ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေပါ။ အရှုခံနာမ်ဖြစ်တဲ့ အာရုံသိစိတ်တွေကလည်း အတိတ်ကပေးတဲ့ ၀ိပါကနာမ်တွေပါပဲ။ ၀ိပါက၀ဋ်တွေပေါ့။ အဲတာတွေအားလုံး ရှုသူအဖို့ ဥပါဒါနက္ခန္ဓာလို့ ပြောလို့ရပါတယ်။
နောက်ဆွေးနွေးစရာရှိလည်း ကြိုဆိုပါတယ်ဗျာ။
ချမ်းသာစစ်နဲ့ ပြည်စုံပါစေ။
ပြေဇော်
(မှတ်ချက်။ ပလဲနက်ဖိုရမ်တွင် စာရေးသူနှင့် ကို Sofital တို့ဆွေးနွေးချက်များကို ကူးယူ၍ ပြန်လည်ဖော်ပြထားပါသည်။)
*****************************************************************************************
ကိုပြေဇော်မင်္ဂလာပါခင်ဗျာ။ကျွန်တော်မရှင်းတာလေး ဆွေးနွေးချင်လိုကျွန်တော်ထင်တာလေးကိုတင်ပြပါရစေ။
ဝိပသာနာရှုရာတွင် မဂ်မကျခင်အချိန်မှာ ရှုဉာဏ်က နှလုံးသွင်းမှန်ခဲ့မှန်ဆိုလျှင် မဂ်ငါးပါးရှိသော ကြောင့် လောကီစိတ်တွင် တဏှာ၊ ဒိဋ္ဌိ ရှိသောယူဆချက်သည် မဖြစ်နိုင်ဘူးလိုထင်ပါတယ်။ ရဟန္တာအရှင်မြတ်တို့ မှာ ရှုဉာဏ်မှာ မဂ်ရှစ်ပါးနှင်.ပြည်.စုံတယ်လိုယူပါတယ်။ ဥပါဒါနက္ခန္ဓာ ကိုကျွန်တော်နားလည်ရာတွင် ပဉ္စခန္ဓာကို တဏှာ သို.မဟုတ်ဥပါဒါန်နှင်.ကပ်ငြိလျှင် ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။ တနည်းအားဖြင်. ပေါ်သမျှတံခါးခြောက်ပါးတွင်အာရုံနှင်.တဏှာ (သို.)ဥပါဒန်နှင့်ကပ်ငြိသော်ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။
ပုထုဇဉ်စိတ်သည် ပဉ္စခန္ဓာလည်းဖြစ်နိုင်ပါတယ်။ ဥပါဒါနက္ခန္ဓာလည်းဖြစ်နိုင်ပါတယ်။ဥပမာပြသော်-ထမင်းစာသောဝေဒနာပေါ်လာသော အခါ ထမင်းစာသောဝေဒနာသည်ပဉ္စခန္ဓာတွင်ပါဝင်သည်။တမင်းစာသောဝေဒနာမှ စားဖွယ်သောက်ဖွယ်တို.ကို လျှာပေါ်တွင်အရသာခံစားပြီး တက်မက်စွာစားသောက်သောအခါ စားစိတ်ပေါ်တွင် ဥပါဒါနက္ခန္ဓာဖြစ်ပါတယ်။ပဋိစပမုပ်ပပ်ဖြင်.နည်းဖြင်.ရှင်းလျှင် ဝေဒနာတွင်ရပ်နေသောသူသည် ပဉ္စခန္ဓာသာဖြစ်ပါ၏။ဝေဒနာကနေတဏှာကူးသွားသောအခါ ဥပါဒါနက္ခန္ဓာ ဖြစ်သည်ဟုယူဆပါသည်။မှားတာလေးကိုဝေဖန်ဆွေးနွေးကြပါ။ကျေးဇူးတင်ပါသည်။
***************************************************************************************
မင်္ဂလာပါ….
ဆွေးနွေးဖို့ ကောင်းတဲ့ Points တွေပါပဲဗျာ။
ဥပါဒါန် ၄ မျိုးကို အနှစ်ချုပ်တော့ တဏှာစွဲ တစ်မျိုး ဒိဋ္ဌိစွဲ ၃ မျိုး ဖြစ်လာပါတယ်။ ဘာနဲ့ စွဲစွဲ ဥပါဒါနက္ခန္ဓာပါပဲ။ တဏှာ ဆိုတာ ခံစားမှုနဲ့ဆိုင်လို့ သိသာပေမဲ့ ဒိဋ္ဌိဆိုတာ ယုံကြည်လက်ခံထားတဲ့ အမြင်ပါ။ အမြင်မမှန်သေးတာက ခံစားမှု သဘောနဲ့ တိုက်ရိုက် မဆိုင်ပါ။ ဥပမာ ကမ္ဘာကြီးပြားတယ်လို့ မြင်တာ အမြင်မှား။ သုခဝေဒနာတို့ ဒုက္ခဝေဒနာတို့ဘာတွေဖြစ်နေနေ၊ သူကို တစ်ရေးနိုးထမေး၊ လုံးသလား ပြားသလား ပြားတယ်လို့ဖြေမှာပဲ။ ဘယ်အချိန်မှာ လုံးကြောင်းသိသလဲ။ ဂြိုလ်တုကနေရိုက်ထားတဲ့ ပုံတွေ့တော့ လုံးတယ်ဖြစ်သွားရော။ ဒီသဘောပါပဲ။ သက္ကာယတွေက ခိုင်တယ် မြဲတယ် သူပဲ ငါပဲ အဲလို မြင်နေတာက ကောင်းတယ် ဆိုးတယ် ခံစားမှု ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အချိန်တိုင်းမှာ ရှိနေပါတယ်။ အဲတာသည် ၀ိပဿနာ ဉာဏ်တွေရမှ ပျောက်ပါတယ်။ အကြွင်းမဲ့ကတော့ မဂ်ကျမှ ပယ်ပါတယ်။ ထို့ကြောင့် အကြွင်းမဲ့ မပယ်သတ်ရသေးသော ပုထုဇဉ်တွေအဖို့ ပဉ္စခန္ဓာတွေကို သိသာထင်ရှားတဲ့ တဏှာနဲ့ မရှုမြင်ဦးတော့ ဒိဋ္ဌိနဲ့ အမြင်မှားစွဲနေသေးတာဖြစ်လို့ ပုထုဇဉ်တွေမြင်သမျှ ပဉ္စခန္ဓာတွေသည် ဥပါဒါနက္ခန္ဓာများဖြစ်နေတယ်လို့ ယူရတာဖြစ်ပါတယ်။
ဝိပဿနာရှုဆဲ အခိုက်မှ ကိလေသာတွေ ငြိမ်ဝပ်သွားပါတယ်။ ပါးလွှာသွားတယ်။ ရုပ်နာမ်ကွဲလို့ ဒိဋ္ဌိကွာနေတယ်ဆိုတာက လက်ခံနိုင်စရာ ဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်အချိန်တွေလို တဏှာမထင်ရှားလို့ မရှိဘူးလို့ ယူဆစရာ ရှိပါတယ်။ သို့သော် ၀ိပဿနာဉာဏ်ရရုံနဲ့ ဘာလို့ နိဗ္ဗာန် မတွေ့သေးသလဲ။ မေးစ၇ာရှိပါတယ်။ နိဗ္ဗာန်မြင်ဖို့ရာ သိမ်မွေ့ပြီး မထင်ရှားတဲ့ တဏှာတောင်မှ ရှိလို့ မရပါဘူး။ ကိလေသာမြူတောင် မကျန်အောင် လုံးဝကင်းစင်သွားမှ မျက်မှောက်ပြုနိုင်ကြောင်း မဟာစည် ဆရာတော်ကြီးရဲ့ ဓမ္မစကြာတရားတော်မှာ ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။
ဝိပဿနာအထပ်ထပ်ပွါးနေတာသည် အဲဒီ ကိလေသာမြူတွေ ကုန်အောင် အားနည်းသွားအောင် အားထုတ်နေတာပါ။ ၀ိပဿနာဉာဏ်ထဲမှာ အဆင့်မြင့် သင်္ခါရုပက္ခါဉာဏ်သည်ပင် ရုပ်တရားနာမ်တရားတို့ကို ဥပက္ခောဝေဒနာနဲ့ ရှုနေပါတယ်။ ဥပက္ခောဝေဒနာသည် ကောင်းဆိုး၂ တန် မခံစားလို့ သိသာထင်ရှားတဲ့ တဏှာ မရှိတော့ဘူးလို့ ပြောလို့ ရပေမဲ့ မသိသာမထင်ရှားတဲ့ တဏှာ ကျန်ပါသေးတယ်။ ဒါကို မြူနဲ့ နှိုင်းထားပါတယ်။ သင်္ခါရုပေက္ခါဉာဏ်က နိဗ္ဗာန်ဘက်မလှည့်သေးတာက အဲဒီ မသိသာ မထင်ရှားတဲ့ ပါးလွှာနေတဲ့ တဏှာကိလေသာတွေ ရှိနေသေးလို့ ခန္ဓာကို အာရုံမှာ မလွတ်နိုင်သေးလို့ နိဗ္ဗာန်ဘက်မလှည့်သေးတာလို့ နားလည်ပါသည်။
ဥပမာ တိမ်ဖုံးနေတဲ့ လကို ကြည့်နေသူလိုပါပဲ။ သာမန်အချိန်မှာ တိမ်တွေထူပြီိး ကောင်းကင်တစ်ခုလုံးပြည့်နေလို့ လရှိမှန်းတောင် မသိပါဘူး။ ၀ိပဿနာရှုဆဲမှာ အဲဒီတိမ်တွေပါးသွားတာ။ သို့သော် လကို ပြတ်ပြတ်သားသား မမြင်ရသေး။ ရှုနေရင်းနဲ့ ဖြတ်ကနဲ တိမ်အလွန်ပါးသွားတဲ့အခါ လကို ရေးရေးလေး တွေ့လိုက်ရတယ်။သို့သော် သေချာ မမြင်လိုက်ခင်မှာ နောက်တိမ်တစ်လုံးဖုံးသွားပြန်ရော။ လရှိတာသိလိုက်ပေမဲ့ တိမ်တွေက ရှေ့က ရှုပ်နေတော့ ဖြတ်ကနဲပဲတွေ့ရတယ်။ အဲလိုနေရင်းကနေ တိမ်လုံးဝကင်းစင်သွားရော လကို ရှင်းလင်းပြတ်သားစွာ စိတ်တိုင်းကျ ကြည့်ခွင့်ရ သွားပါတယ်။ အဲဒီချိန်က နိဗ္ဗာန်ကို မဂ်နဲ့ မျက်မှောက်ပြုလိုက်သလိုပါပဲ။ ဒါသည် ခဏပါပဲ။ တိမ်တွေပြန်ဖုံးသွားတယ်။ သို့သော် ကမ္ဘာကြီးပြားတဲ့လူကို ကမ္ဘာလုံးတဲ့ ဓါတ်ပုံတစ်ခါ ပေးပြပြီး ပြန်သိမ်းသွားရင် ဓါတ်ပုံ မရှိတော့လို့ ပြားတယ် ပြန်ုဖြစ်ပါဦးမလား။ မဖြစ်တော့ပါ။ ပြီးတော့ ကမ္ဘာကြီးက လုံးယုံတင်မဟုတ်ဘူး လည်သေးတယ်ဆိုတာ နေ့ ဖြစ်လိုက် ညဖြစ်လိုက်တွေနဲ့ ဆက်စပ်စဉ်းစား။ သူအမြင်တွေ ရှင်းမသွားဘုးလား။ အဲဒါ အမြင်မှန်တယ်ဖြစ်သွားပြီ။ ထင်ရှားအောင် ဥပမာပေးတာပါ။ ဤဥပမာသည် ဆရာတော်ကြီးများဟောကြားသော တရားများ စာပေများ ဖတ်ရှုနာယူပြီး မိမိနားလည်သလို ပေးထားသော ဥပမာဖြစ်ပါတယ်။ နိဗ္ဗာန်က ‘လ’ လိုပဲ သူဘာသာ သီးခြားရှိနေပြီးသား၊ ကိုယ်တွေ မမြင်တာလို့ ကျွှန်တော်ပြောတယ်ဆိုပြီး မမှတ်လိုက်ပါစေချင်။ အရိယာတွေသာ ကိုယ်စီ နိဗ္ဗာန်ရှိကြပါတယ်။ ပုထုဇဉ်တွေအဖို့ အရိယာတွေရပြီးတဲ့ နိဗ္ဗာန်ကို မမြင်နိုင် မခံစားနိုင်သေးပါ။ ကိုယ်တိုင် မျက်မှောက်ပြုချိန်ကစပြီး နိဗ္ဗာန်ရဲ့ သန္တိသုခကို သဘောပေါက်မှာ ဖြစ်ပါတယ်လို့ မှတ်သားထားပါတယ်။
ပုထုဇဉ်မှာ ဒိဋ္ဌိအနုသယ အမြဲရှိပါတယ်။ မဂ်နဲ့ မဖြတ်သေးသရွှေ့ ရှိနေပါတယ်။ စားစိတ်(အရသာပေါ်အာရုံမရောက်) ဆိုတာတွေက သုခဝေဒနာ မဟုတ် ဒုက္ခဝေဒနာ မဟုတ်တဲ့ ဥပက္ခောဝေဒနာ ဖြစ်နေတယ်။ တဏှာဒိဋ္ဌိ အကြမ်းစားတွေ မယှဉ်ပေမဲ့ မရှိဘူးလို့ ပြောလို့ မရပါဘူး။ သောတာပန်အရိယာပင်လျှင် ဒိဋ္ဌိအနုသယပြုတ်လို့ ဒိဋ္ဌိ မယှဉ်ဘူးလို့ အပြတ်ပြောလို့ရပေမဲ့ အ၀ိဇ္ဖာတဏှာပြတ်ပြီးဖြစ်တဲ့ ရဟန္တာမဖြစ်သေးတော့ကာ မြင်သမျှ ကြားသမျှကို ဥပါဒါနက္ခန္ဓာဖြစ်နေသေးတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ကြီးက ဘုရား ရဟန္တာများအတွက်သာ ပဉ္စခန္ဓာလို့ သုံးသွားပါတယ်လို့ မြင်ပါတယ်။
အနှစ်ချုပ်လိုက်ရင် ပဉ္စခန္ဓာ၊ ဥပါဒါနက္ခန္ဓာလို့ သုံးတဲ့နေရာမှာ အနုဿယပါပယ်ပြီး မပြီးပေါ်မှာကြည့်ပြီးခွဲတာ ပိုပြီး နေရာကျပါလိမ့်မယ်လို့ ကျွှန်တော်ကတော့ ကောက်ချက်ချပါတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ ပါတဲ့ ဝေဒနာကနေ ကူးတဲ့ ဥပါဒါန်သည် တဏှာ အပြင်းစား၊ ကံမြောက်စေတဲ့ ဥပါဒါန်လို့ နားလည်ပါတယ်။
သောတာပန်အရိယာသည် ၀ိပဿနာ မရှုပဲနေခိုက် ဝေဒနာပေါ်ရင် တဏှာအနုဿယရှိသေးလို့ တဏှာကူးနိုင်ပါသေးတယ်။ သို့သော် ဥပါဒါန် မဖြစ်လာလို့ ကမ္မဘ၀ မကူးပါ။ သောတာပန်သည် ကာမဂုဏ်မှာ မွေ့လျော်သေးတယ်ဆိုတဲ့ စကားက ပေါ်သမျှ အာရုံပေါ်မှာ ကောင်းဆိုးခွဲပြီး သာယာတတ်သေးတဲ့ တဏှာ ဖြစ်နေသေးလို့ပါ။ ထူးခြားတာက အဲဒီတဏှာကနေ အကုသိုလ်မြောက်စေတဲ့ အပြင်းစားတဏှာ (ဥပါဒါန်) မရောက်အောင် ဖြတ်နိုင်တာ သူရဲ့ သတ္တိထူးပါ။ ပုထုဇဉ်နဲ့ အဓိက ကွာခြားချက်ပါပဲ။ မြင်လိုက်ကြားလိုက်တာနဲ့ ကိလေသာ အနုဿယရှိသူအဖို့ အငြှောင့်ပေါက်ပါတယ်။ အဲဒီ အငြှောင့်ကို မသတ်နိုင်ရင် တနည်းအားဖြင့် မွေးထားရင် အပင်ပေါက်ပါတယ်။ နောက်ဆုံး အသီးသီးပါတယ်။ အဲဒီမှာ ကမ္မဘ၀ကို ကူးပါတယ်။
ကျွှန်တော် အဲဒီလို နားလည်ပါတယ်ဗျာ။
ချမ်းသာစစ်နဲ့ ပြည့်စုံပါစေ။
၁၂-၉-၀၉
စာရေးသူ ဓမ္မဖိုရမ်တစ်ခုတွင် ဓမ္မမိတ်ဆွေများနှင့် အပြန်အလှန် ဆွေးနွေးချက်များကို တစ်နေရာထဲတွင် စုစည်းသိမ်းဆည်းထားလို၍ ဓမ္မအရေး ဆွေးနွေးစရာ အဖြာဖြာခေါင်းစဉ် ဖြစ်ပေါ်လာပါသည်။ ထိုသို့ဆွေးနွေးရာတွင် လယ်တီဆရာတော်ကြီး မဟာစည်ဆရာတော်ကြီး မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားထားသည့် တရားတော်များ၊ ဖားအောက်ဆရာတော်ကြီး၏ ကျမ်းများနှင့် အခြား ကောင်းနိုးရာရာ ဓမ္မစာစုများကို အချိန်ယူ ဖတ်ရှုလေ့လာခဲ့ရပါသည်။ စာရေးသူ၏ ဆွေးနွေးချက်များ၌ လိုအပ်မှုများရှိပါက နားလည်ခွင့်လွတ်ပေးစေ လိုပါသည်။ ၀င်ရောက်ဖတ်ရှုသူ ဓမ္မမိတ်ဆွေ အပေါင်းအားကျေးဇူး အထူးတင်ရှိပါသည်။
***********************************************************************************************
အကိုပြေဇော်ခင်ဗျား..
အကို ရှင်းပြထားတာကို နားလည်ပေမယ့်.. သေသေချာချာ ကွဲကွဲပြားပြား သိချင်လို့ပါခင်ဗျာ.. ဒီအချက်လေးတွေကို မေးခွင့်ပြုပါခင်ဗျာ..
၁) ခန္ဓာ(၅)ပါးဟာ တစ်ပြိုက်နက်ဖြစ်၊ တစ်ပြိုင်နက်ချုပ် ဟုဆိုခြင်းသည်.. လောကီခန္ဓာနှင့် မသက်ဆိုင်ဟု ဆိုလိုပါသလား..
၂) နာမ်ခန္ဓာ(၄)ပါးသည် လောကီခန္ဓာနှင့် လောကုတ္တရာခန္ဓာတွင် အတူတူဖြစ်ပါသလား..
၃) လောကုတ္တရာခန္ဓာ(၅)ပါးတွင် ဘာ့ကြောင့် တဏှာဒိဋ္ဌိမကပ်ညိပါသလဲ
၎) အဇ္ဈတ္တ ဗဟိဒ္ဓ သက္ကာယတွေအပေါ် ဥပါဒါန် မကပ်ညှိသဖြင့် ပဉ္စခန္ဓာသက်သက်..ဆိုတာ အနုပါဒါနက္ခန္ဓာကို ဆိုလိုပါသလား
၅) ဥပါဒါနက္ခန္ဓာ၅ပါး ဟာ လောကီခန္ဓာနှင့် လောကုတ္တရာခန္ဓာ.. မည်သည့်ခန္ဓာကို မှီပါသလဲ..
လေးစားစွာဖြင့်..
KT
*************************************************************************************************
ကြိုဆိုပါတယ်ဗျာ..
၁) လောကီခန္ဓာဆိုတာကို အရင် ရှင်းပါ့မယ်။ လောကီခန္ဓာလို့ဆိုလိုတာက အာရုံနဲ့ ဒွါရတိုက်တိုင်းတိုက်တိုင်း လောကီစိတ် ၈၁ ထဲက စိတ်တစ်ခု၊ ယှဉ်ဖက် စေတသိတ်တွေရယ် မှီရာ ပဿဒရုပ်၊ အာရုံရုပ်တို့ ပေါင်းရင် လောကီ ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ် ခန္ဓာ ၅ ပါး မဆို တစ်ပြိုင်တည်း ဖြစ်တာမှန်ပေမဲ့ ချုပ်တာကျတော့ တစ်ပြိုင်တည်းချုပ်တယ်လို့ ပြောရင် မမှန်ဘူး။ ရုပ်ခန္ဓာမှာပါတဲ့ ပထ၀ီအစရှိတဲ့ ရုပ်တွေသည် တပြိုင်တည်းဖြစ်၊ တစ်ပြိုင်တည်းချုပ်ဆိုရင် မှန်ပါတယ်။ နာမ်ခန္ဓာတွေ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်တို့သည် တစ်ပြိုင်တည်းဖြစ် တစ်ပြိုင်တည်းချုပ်ဆိုရင် မှန်ပါတယ်။ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာ သက်တမ်းမတူလို့ တစ်ပြိုင်တည်း မချုပ်နိုင်ဘူး။ ရုပ်သည် နာမ်သက် ၁၇ ချက်ရှိပါတယ်။
၂) လောကီနာမ်ခန္ဓာ ၄ ပါးနဲ့ လောကုတ္တရာနာမ်ခန္ဓာ ၄ ပါး မတူပါ။ လောကီ နာမ်ခန္ဓာတွေကို ၁ မှာ ရှင်းခဲ့ပါပြီ။ လောကုတ္တရာကျတော့ မဂ်စိတ် ၄ ဖိုလ်စိတ် ၄ ထဲ တစ်ခုခုနဲ့ ယှဉ်ဘက် စေတသိတ်များရယ် မှီရာ ဟဒယ၀တ္တုရုပ်ရယ်ပေါင်း ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။ တစ်ခု ရှိတာက စိတ်တွေမတူလို့ ခန္ဓာ ၂ မျိုးခွဲ ပါတယ်။ ရုပ်မှာတော့ လောကီ ရုပ် လောကုတ္တရာရုပ်ဆိုပြီး မရှိဘူးလို့ ဆိုပါတယ်။ ရုပ် ၂၈ ပါး ပါပဲ။
၃) ဒီမေးခွန်းက ရှင်းရတာ ခပ်ခက်ခက်ပဲ။
ပေါ်သမျှအာရုံကို လိုချင်မှုနဲ့ အမြင်မှားမှုနဲ့ စွဲလမ်းနိုင်တဲ့ ရုပ်အစု နာမ်အစုကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်လို့ မဟာစည် ဆရာတော်ကြီးရဲ့ ဓမ္မာစင်္ကြာ တရားတော်မှာပါ ပါတယ်။
(တဏှာစွဲဆိုတာ ကာမုပါဒါန် = လိုချင်တက်မက်မှု၊ ဒိဋ္ဌိစွဲဆိုတာက အတ္တ၀ါဒုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ ဒိဋ္ဌုပါဒါန် သုံးခုလုံး = အမြင်မှားမှု။ )
ရှုဉာဏ်က လောကီစိတ် (တဏှာ၊ ဒိဋ္ဌိ ရှိ) အာရှုခံက ဥပါဒါနက္ခန္ဓာ ၅ ပါး။ (ပုထုဇဉ်စိတ်)
ရှုဉာဏ်က လောကီစိတ် (တဏှာ ဒိဋ္ဌိ ချုပ်) အရှုခံက ပဉ္စခန္ဓာ။ (ရဟန္တာအရှင်မြတ်တို့၏ ကြိယာစိတ်)
ရှုဉာဏ်က လောကုတ္တရာစိတ် (တဏှာ ဒိဋ္ဌိ မရှိ) အရှုခံက ရုပ်နာမ်ဟူသမျှ ကင်းဆိတ်ရာ နိဗ္ဗာန်။ (အရိယာများသာ)
လောကုတ္တရာစိတ်တွေမှာ ဘာလို့ တဏှာ ဒိဋ္ဌိကင်းတယ်လို့ ယူရတာက မဂ်ဖိုလ်တို့ရဲ့ အရှုခံအာရုံသည် ရုပ်နာမ်ကင်းဆိတ်တဲ့ နိဗ္ဗာန်ဖြစ်ပြီး ရှုဉာဏ်မှာလည်း တဏှာဒိဋ္ဌိတို့ ချုပ်ငြိမ်းမှ ဖြစ်လာရတဲ့ သဘောရှိလို့ လောကုတ္တရာစိတ်တွေသည် တဏှာဒိဋ္ဌိ မကပ်ငြိကြပါ။ ၀ိပဿနာမဂ်ကို အထပ်ထပ်ပွါးထားလို့ အားနည်းနေတဲ့ ကိလေသာ မြူတွေသည် အရိယမဂ်ပေါ်တဲ့အခါ နိဗ္ဗာန်ကို မမြင်နိုင်လောက်အောင် ပိတ်ပင်မထားနိုင် မနှောင့်ယှက်နိုင်တော့ပါ။ အဲတာကို ဓမ္မစင်္ကြာတရားတော်က ၀ီရဇံ-မြူကင်းသော၊ ၀ီတမလံ- အညစ်အကြေးကင်းသော၊ ဓမ္မစက္ခုံ- သောတာပတ္တိ မဂ်ဉာဏ်ဟူသော တရားမျက်စိသည်၊ ဥဒပါဒိ-ဖြစ်ပေါ်လေပြီလို့ မဟာစည်ဆရာတော်ကြီးက ရှင်းပြထားပါတယ်။ ကိလေသာ မြူကင်းတယ်၊ ကိလေသာ အညစ်အကြေးကင်းတယ်လို့ ယူရမယ်လို့ ရေးထားပါတယ်။
အဲသလောက်ဆိုရင် ရှင်းမယ် ထင်ပါတယ်။
၎) မိုးကုတ်ဆရာတော်ကြီးဟောကြားတဲ့ စူဠဝေဒလ္လသုတ်အရ ဘုရား ရဟန္တာတို့အဖို့ တဏှာအကြွင်းမဲ့ ပယ်ပြီးဖြစ်လို့ ဘယ်အာရုံပေါ်ပေါ် တဏှာ ဥပါဒါန် မကပ်ငြိလို့ ရိုးရိုးခန္ဓာဖြစ်ဖြစ် အနုပါဒါနက္ခန္ဓာ ဖြစ်ဖြစ် ဆိုရင် ရပါတယ်။
၅) ဆရာကြီး ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာစာစောင်မှာ ဥပါဒါန်(လောဘ၊ ဒိဋ္ဌိ)တို့၏ အာရုံဖြစ်သော ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ထိုခန္ဓာတို့သည် လောကီစိတ်များ၊ ထိုစိတ်တို့နှင့်ယှဉ်သော စေတသိတ်များနှင့် ရုပ်တရားများ ဖြစ်သည်။ လောကုတ္တရာ စိတ်စေတသိတ်များ မပါလို့ ဖော်ပြထားပါတယ်။
ကို kt မရှင်းသေးရင် ထပ်ပြီး မေးပါဗျာ…
ကျွှန်တော်နားလည်သမျှ အတတ်နိုင်ဆုံး ဆွေးနွေးသွားပါ့မယ်။ ကျွှန်တော်ကတော့ ပါဋ္ဌိမတတ်လို့ ပရိယတ် ပဋိပတ် နှံ့စပ်သော လယ်တီဆရာတော်ကြီး မိုးကုတ်ဆရာတော်ကြီး မဟာစည်ဆရာတော်ကြီးတွေရဲ့ ဟောကြားချက်တွေကိုပဲ ကိုးကားပြီး နားလည်သလို မျှဝေထားတာပါ။ ကျွှန်တော်ရေးသမျှ အတင်း လက်ခံဖို့ မဟုတ်ပါဘူး။ ဝေဖန်ပါ၊ ဆန်းစစ်ပါ။ ပြီးမှ လက်ခံကြပါ။ ကိုယ်တွေ့ ၀ိပဿနာနဲ့ ဆန်းစစ်နိုင်ရင် အကောင်းဆုံးပါပဲ။
ချမ်းသာစစ်နဲ့ ပြည့်စုံပါစေ။
၁၁-၉-၀၉
ဗုဒ္ဓဘာသာဝင်တို့ အမြင်မှန်ရမည့် သမ္မာဒိဋ္ဌိ ၅ မျိုးနဲ့မှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ တစ်မျိုးသာ ဖတ်ရှုလို့ ကြားနာလို့ နားလည်ကောင်း နာလည်နိုင်ပေမဲ့ ကျန်သော သမ္မာဒိဋ္ဌိ ၄ မျိုးမှာကား ဖတ်ရုံ နာရုံနဲ့ မှန်ကန်တဲ့ အသိမရနိုင်ပါ။ မိုးကုတ်ဆရာတော်ကြီးက သိရုံနဲ့ နိဗ္ဗာန်ရောက်တယ်ပြောရင် မယုံနဲ့လို့ ယတိပြတ် ဟောထားပါသည်။
မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိဆိုတာ နိဗ္ဗာန်ဆိုက်မှ မှန်ကန်စွာသိတဲ့ အသိမျိုးပါ။ ထိုပြင် ၀ိပဿနာသမ္မာဒိဋ္ဌိကိုလည်း သိရုံနဲ့ အမြင်မမှန်နိုင်ပါဟု ကျွှန်တော် ဖြည့်စွက်ချင်ပါသည်။ ၀ိပဿနာမဂ်ကို အထပ်ထပ်ပွါးနေသူ၏ ဉာဏ်မျက်စေ့အောက်က မြင်ကွင်းတို့ကို သိပ္ပံပညာမှာလို ကိရိယာအကူအညီနှင့် ဗွီဒီယိုဖြင့်ပြလို့ မရပါ။ စာလုံးတွေနဲ့ ဖော်ပြခြင်းသည်လည်း မထိရောက်ပါ။ ကိုယ်တိုင် အားထုတ်ကြည့်မှ သဘောပေါက်နိုင်ပါသည်။
ဝိပဿနာဘာဝနာ မလုပ်မီ သက္ကယာဒိဋ္ဌိကို အသိနှင့် ဖြုတ်ထားဖို့ အရေးကြီးကြောင်းကို မိုးကုတ်ဆရာတော်ကြီးက စူဠဝေဒလ္လသုတ်တွင် မိန့်ကြားထားပါသည်။ သက္ကာယကို ဆရာတော်ကြီးက လောကီခန္ဓာ ၅ ပါး လို့ အဓိပ္ပါယ် ဖွင့်ပါသည်။ အမှန်တကယ်ရှိသော ရုပ်နာမ် ခန္ဓာတို့ကို ခေါ်ပါသည်။ ရုပ်ကိုတော့ မျက်စိနဲ့ မြင်ရသောရုပ်အစုအဝေးနှင့် မမြင်ရသောရုပ်အစုအဝေးဟု ခွဲမှတ်လိုက်ပါမည်။ မမြင်ရသော ရုပ်ခန္ဓာက ပထ၀ီ၊ တေဇော၊ ၀ါယော၊ အာပေါ ဘူတရုပ်ကြီး ၄ ခု ဦးဆောင်ပါဝင်သော ရုပ်အပေါင်းအစု၊ ရုပ်အမှုန်လေးဆိုပါစို့။ ယင်းသည်လည်း ပရမတ်ရုပ် အပေါင်းအစုဖြစ်သဖြင့် ခန္ဓာမည်ပါသည်။ မြင်ရသော ခန္ဓာသည် ၄င်းရုပ်အမှုန်ပေါင်း မရေမတွက်နိုင်အောင် ပေါင်းစုလိုက်ရာမှ ဖြစ်လာသောမျက်စိနဲ့မြင်ရသော အတုံးအခဲရုပ်ခန္ဓာ ဖြစ်ပါသည်။ နာမ်ခန္ဓာ ၄ ပါး မှာ သညာ၊ ဝေဒနာ၊ သင်္ခါရ၊ ၀ိဉာဏ် လေးမျိုး ဖြစ်ပါသည်။
ခန္ဓာ ၅ ပါး လို့ပြောလျှင် လောကီခန္ဓာ ၅ ပါး (လောကီနာမ်ခန္ဓာ ၄ ပါး + ရုပ်ခန္ဓာ ၁ ပါး) နှင့် လောကုတ္တရာ ခန္ဓာ ၅ ပါး (လောကုတ္တရာနာမ်ခန္ဓာ ၄ ပါး +ရုပ်ခန္ဓာ ၁ ပါး) ၂ မျိုးလုံး အကျုံးဝင် ပါသည်။ ထို ၂ မျိုးအနက် လောကီခန္ဓာ ၅ ပါးအပေါ် စွဲလမ်းမှု ‘တဏှာ’ ကပ်ညှိပြီး ‘ငါ၊ ငါ့ ဥစ္စာ’ ဟု အထင်မှားမှု ‘ဒိဋ္ဌိ’ ပေါင်းလိုက်လျှင် သက္ကာယဒိဋ္ဌိ ဖြစ်ပါသည်။ လောကုတ္တရာ ခန္ဓာ ၅ ပါးတွင် တဏှာ ဒိဋ္ဌိ မကပ်ညှိပါ။ ထိုသို့ တဏှာ ဒိဋ္ဌိ တို့ဖြင့် စွဲယူလိုက်သော သက္ကာယ ပဉ္စခန္ဓာတို့တွင် ဥပါဒါန် (တဏှာအပြင်းစား) တည်နေပါက ၄င်းတို့ကို ဥပါဒါနက္ခန္ဓာငါးပါးဟု ခေါ်ဆိုပါသည်။ ဘုရားရဟန္တာတို့တွင်မှု အဇ္ဈတ္တ ဗဟိဒ္ဓ သက္ကာယတွေအပေါ် ဥပါဒါန် မကပ်ညှိသဖြင့် ပဉ္စခန္ဓာသက်သက်ဟုသာ ခေါ်ဝေါ်သုံးစွဲရကြောင်း မိုးကုတ်ဆရာတော်ကြီးက စူဠဝေဒလ္လသုတ်မှာ ဟောထားပါသည်။
ဒိဋ္ဌိမပြုတ်သေးသူအဖို့ မိမိခန္ဓာကို ‘ငါရုပ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါအမှတ်သညာ၊ ငါ့စေတနာ၊’ ဟူ၍ အထင်မှားပြီး ဥပါဒါန် ကပ်ညှိနေသလို ဗဟိဒ္ဓ ခန္ဓာတွေကိုလည်း ‘ငါ့မိဘ၊ ငါ့သား ၊ငါ့သမီး၊ ငါ့အိမ်၊ ငါ့ကား၊’ဟူ၍ ကပ်ညှိလေ့ရှိပါသည်။ ထိုသို့ စွဲယူထားသော အတိတ်က ခန္ဓာ ၅ ပါးကို အတိတ် ဥပါဒါနက္ခန္ဓာငါးပါး။ ပစ္စုပ္ပန်ဖြစ်တဲ့ ခန္ဓာ ၅ ပါးကို ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာငါးပါး စသဖြင့် (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ နီး၊ ဝေး၊ နု၊ ကြမ်း၊ အတွင်း၊ အပြင်၊ အယုတ်၊ အမြတ်) ၁၁ မျိုး ရှိပါသည်။ ၀ိပဿနာရှုသည့်အခါ အရှုခံသည် ထို ၁၁ မျိုး သော ဥပါဒါနက္ခန္ဓာများထဲမှ ဖြစ်ပါမည်။
ဝိပဿနာဘာဝနာ၏ ရည်ရွယ်ချက်မှာ အရှုခံ ဥပါဒါနက္ခန္ဓာတွင် ကပ်ညှိနေသော တဏှာကို ခွါထုတ်ဖို့(ခမ်းခြောက်စေလျှက်) ပရမတ်တို့၏ ဖောက်ပြန်တတ်တဲ့သဘောကို မြင်အောင်ကြည့်ဖို့ ဖြစ်ပါသည်။။ ထိုသို့ မြင်မှ ‘ငါ၊ ငါ့ဥစ္စာ’ အထင်မှား ဒိဋ္ဌိကွာသွားပါမည်။ ငါအထင်မှားပျောက်ဖို့ရန် တရားစရှုမှတ်သည့်အခါ မိမိခန္ဓာကိုယ်ကိုရော ပေါ်သမျှအာရုံတွေကိုပါ ပိတ်ကားပေါ်မှ ရုပ်ရှင်လို သဘောထားပြီး မိမိကိုယ်ကို ပရိတ်သတ်လို့ သဘောထားလျှင် ငါအထင်မှားကို အသိနဲ့ စခွါပါသည်။ ဥပမာ ရုပ်ရှင်ထဲက မင်းသား မင်းသမီး ခလုတ်တိုက်လဲလို့ နာလို့အော်ပြနေလျှင် ပွဲကြည့်ပရိတ်သတ်တစ်ယောက်အဖို့တော့ သူနာတာ ကိုယ်နာတာမှတ်လို့ နေကြာစိအစား မပျက်ပါ။ သို့သော် တရားထိုင်စမှာ ခန္ဓာကိုယ်မှာ နာကျင်လာတဲ့အခါ ရုပ်တွေသူ့သဘောသူဆောင် ဖောက်ပြန်နေသည်ဟု ငါ မပါအောင် ရှုငြားသော်လည်း ၀ိပဿနာအစစ် မဖြစ်သေး၍ အတ္တဘောခန္ဓာနဲ့ တွဲမြင်နေတတ်ပြီး ‘ငါမြင်တယ်၊ ငါနာတယ်’ ဝေဒနာကို မခံနိုင်ဖြစ်တတ်ပါသည်။ အလွန်မတန် သည်းခံလို့ မရလျှင် လှုပ်ရှားမှုတိုင်းကို အမှတ်နဲ့ ပြင်လို့ရပါသည်။
ထို့ကြောင့် ခေါင်းခါခြေလက် အစုအပေါင်းခန္ဓာကြီး အာရုံမှာ မပေါ်မှသာ ငါစွဲစရာ အတ္တပျောက်မှာ ဖြစ်ပါသည်။ ရုပ်ရှုရှု စိတ်ဝေဒနာရှုရှု သဏ္ဍာန်ပညတ် (၀ါ) အထည်ပညတ်နှင့် တွဲသိနေသရွှေ့ မြဲသည်ဟု ထင်နေပြီး တဏှာ၊ ဒိဋ္ဌွဲ ခွါမရပါ။ ဤအပေါင်းအစုကို သီးခြားစီ ပိုင်းဖြတ်မြင်လာလျှင် ဃနပြိုသည်ဟု ဆိုပါသည်။ ဤသို့မြင်ဖို့ရန် သမာဓိမဂ္ဂင် ၃ ခု အပိုအလိုမရှိ ဖြစ်ရပါမည်။ ထို ၃ ခု ဟန်ချက်ညီသောအခါ အရှုခံအာရုံက အပေါင်းအစုခန္ဓာတွေထဲက ရှုလိုရာကို သတိကပ် ရှုလိုက်သည်နှင့် တစ်ခုတည်းသော ဓမ္မကို မြင်တွေ့ရမည်ဖြစ်ပြီး ပရမတ်တို့၏ ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပျက်သဘောကို မြင်လာပါမည်။ သူ့သဘောသူဆောင် ဖြစ်နေတာဟု ဉာဏ်ကမြင်ရင် ငါဆိုတဲ့ အမြင်မှား ဒိဋ္ဌိ မလာတောပါ။့ အပျက်တွေမြင်ပါများလျှင် အနိစ္စသညာကြောင့် တဏှာကွာ၊ ဥပါဒါန်ချုပ် နာမ်ကနာမ် ရုပ်ကရုပ်၊ အရှုခံရော ရှုဉာဏ်ပါ ဥပါဒါန်နာမ်/ရုပ် မဟုတ်တော့ပါ။ ဘုရား ရဟန္တာ အမြင်မျိုး ဖြစ်သွားပါသည်။ ရှုစတုန်းကလို ငါမဟုတ်ဘူးဟု အတင်းလုပ်ယူ ထားစရာလည်း မလိုတော့ပါ။ ဤကား ၀ိပဿနာမဂ် သဘောဖြစ်ပါသည်။ သက္ကာယဒိဋ္ဌိပြုတ်လျှင် သဿတ၊ ဥစ္ဆေဒဒိဋ္ဌိများ အလိုလိုကွာပါသည်ဟု ဆရာတော်ကြီးက ဟောထားပါသည်။ ထိုအတူ ဒိဋ္ဌိကွာလျှင် ၀ိစိကိစ္ဆာလည်း ကွာသဖြင့် သက္ကာယဒိဋ္ဌိတစ်လုံး ပယ်နိုင်ရင် တစ်ချက်ခုတ် လေးချက်ပြတ်ပါသည်။
ဤနေရာတွင် စူဠဝေဒလ္လသုတ်တရားတော်၌ မိုးကုတ်ဆရာတော်ကြီးမိန့်တဲ့ အဖိုးတန်တဲ့ သြ၀ါဒ စကားများကို မျှဝေလိုပါသည်။ “သတိပဋ္ဌာန်ရဲ့ နမိတ်က ဘာတုံးဆိုလို့ရှိရင် ဒကာ ဒကာမတို့ မှတ်ထားပါ၊ ခန္ဓာပျောက်ပြီးသကာလ ဝေဒနာလေးတွေတွေ့၊ စိတ်ကလေးတွေတွေ့၊ ရုပ်ကလေးတွေတွေ့ အထည်ပျောက်ပြီး သကာလ တစ်ခုတည်းသော အာရုံဟာ ဒါ သတိပဋ္ဌာန်နမိတ်ပဲလို့ မှတ်ထားပါ”၊ “သတိပဋ္ဌာန်သည် ယောက်ျားသဏ္ဍာန်၊ မိန်းမသဏ္ဍာန်ပေါ်၌ မရောက်မူ၍ နမိတ်ပျောက်ပြီးသကာလ အနိစ္စနမိတ်ကိုတွေ့ ဒါ သတိပဋ္ဌာန်ပဲဆိုတာ မှတ်ထားကြပါ”ဟု မိန့်ပါသည်။ ထိုသို့သိခြင်းသည် ခန္ဓာကပြသော သင်္ခန်းစာဖြစ်လို့ အားထုတ်ဖူးသူများ သိကြပါသည်။ ၄င်းအဆင့်ရောက်ဖို့မှာ သမာဓိ အရေးပါကြောင်းကို ဆရာတော်ကြီးက “မဂ္ဂင်မှာ အရေးကြီးတဲ့ အချက်က သမာဓိ အရေးကြီးတယ်၊ သမာဓိဆိုတာ ဘာတုန်းဆိုတော့ ဧကဂ္ဂတာလို့ခေါ်တယ်။ ဧက=တစ်ခုတည်းသော အာရုံကိုယူနိုင်ရမယ်၊ ၀ိပဿနာ အားထုတ်သူတို့မှာ တစ်ခုတည်းသောအာရုံကို ယူနိုင်ရမယ်ဆိုတာ သေသေချာချာမှတ်ပါ”လို့လည်း ဟောခဲ့ပါသည်။
ဓမ္မမိတ်ဆွေများ တရားစစ်တရားမှန်တို့၏ အနှစ်သာရကို အပ်ကျမတ်ကျ နားလည်လိုလျှင် မိုးကုတ်ဆရာတော်ကြီး သြ၀ါဒအတိုင်း သူတစ်ပါးစကားမှာ လမ်းမဆုံးကြစေလိုပါ။ ပရိယတ် ပဋိပတ် နှံ့စပ်ကျွှမ်းကျင်သော ဆရာတော်ကြီးများထံ နည်းနာခံယူလျက် ကျကျနန ကျင့်ကြံပွါးများစေလိုပါသည်။ ကိုယ်တွေ့ ၀ိပဿနာရှိပါက ပရိယတ်ကို မကျွှမ်းကျင်လင့်ကစား ခန္ဓာတရားများကို ကြားနာရလျှင် ဟုတ်တိုင်းမှန်စွာသိသော ယျထာဘူတဉာဏ်နှင့်တကွ ပီတိသောမနဿ တဖွားဖွားဖြစ်ကာ ဘုရားတရားသံဃာကို ကြည်ညိုသဒ္ဓါတရား တိုးလိုသာများလာတတ်ပါသည်။ ၀ိပဿနာ အခြေခံခိုင်ပါက ဘုရားဟော တရားစစ် တရားမှန်များကို ပြုပြင်တည်းဖြတ် လိုရာဆွဲ ဟောကြားသူများနောက် ကောက်ကောက်ပါအောင် မလိုက်တော့ပဲ မဂ္ဂင်ဖောင်စီး တစ်ကြောင်းတည်းလမ်းမှာ ကိုယ့်ပဲ့ကိုယ်ထိမ်း တသွေမတိမ်းလျောက်လှမ်းကြရင်း ခေမာသောင်ကမ်း အရောက်မြန်းနိုင်မည့် သူတော်ကောင်း သူုမြတ်လောင်းများ ဖြစ်ကြပါမည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ
ပြေဇော်
၂-၉-၂၀၀၉
မဂ္ဂင် ၈ ပါးကို အုပ်စု ၃ မျိုးခွဲပြီး သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုပြီး ပြောဆိုသုံးနှုံးကြပါသည်။ သိက္ခါ ၃ ပါး ဟုလည်း ခေါ်ပါသည်။ သီလမဂ္ဂင် ၃ ပါး ၊ သမာဓိမဂ္ဂင် ၃ ပါး၊ ပညာမဂ္ဂင်က ၂ ပါးစီ ရှိကြပါသည်။ ၄င်း ၈ ပါးပြည့်စုံလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုပါသည်။ အပြန်အလှန်အားဖြင့်ဆိုရသော် နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဤ ၈ ပါးစုံပါသည်ဟု မိုးကုတ်ဆရာတော်ကြီးက မိန့်ပါသည်။ တရားစ ရှုမှတ်လျှင် မဂ္ဂင် ၅ ပါး မိမိသန္တာန်မှာ ရှိလာအောင် အားထုတ်ရပါသည်။ ထိုမဂ္ဂင် ၅ ပါးမှာ သမာဓိ မဂ္ဂင် ၃ ပါး နဲ့ ပညာမဂ္ဂင် ၂ ပါး ဖြစ်ပါသည်။ သမာဓိ မဂ္ဂင် ၃ ပါးမှာ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ တို့ဖြစ်ပြီး ပညာမဂ္ဂင် ၂ ပါး သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ တို့ ဖြစ်ပါသည်။ ၀ိပဿနာအားထုတ်မှုသည် သွားရင်းလာရင်း ဈေးရောင်းရင်း အာထုတ်နိုင်သည်ဟု သိထားကြသည့်အတွက် သမာဓိထူထောင်စရာ မလိုပါဟု ထင်တတ်ကြပါသည်။ အမှန်မှာ သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှ ကိန်းမှ ပညာမဂ္ဂင် ၂ ပါးတို့ ဖြစ်လာနိုင်ပါသည်။
အားထုတ်နည်း လမ်းကြောင်း ၂ ကြောင်းရှိပါသည်။ သမာထ၀ိပဿနာယာနိက နှင့် သုဒ္ဓ၀ိပဿနာ ယာနိက တို့ဖြစ်ပါသည်။ မည်သည့်လမ်းဖြင့် သွားသွား သမာဓိမဂ္ဂင် ရှုဉာဏ်မှာ မကိန်းသရွှေ့ ပညာမဂ္ဂင် မလာနိုင်ပါ။ ပညာမဂ္ဂင်မှာလည်း လောကီမဂ္ဂင်(၀ိပဿနာမဂ်)နှင့် လောကုတ္တရာမဂ္ဂင်(အရိယမဂ်) ၂ မျိုးရှိသည့်အနက် လောကီမဂ္ဂင် ဦးစွာဖြစ်ရပါသည်။ ဉာဏ်အားပြည့်မှ လောကုတ္တရာမဂ္ဂင် လိုက်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက မဂ္ဂင် ၅ ပါးနဲ့ ရှုလို့ မကြာခဏမိန့်တာ နာကြားဖူးကြမည် ဖြစ်ပါသည်။ ဆရာတော်ကြီးက ၀ိပဿနာမဂ်ပေါ်သည့်အခိုက်ကို ပြောသည်ဟု နားလည်ပါသည်။
တကယ်တမ်း တရားစရှုမှတ်သူတွေအဖို့ ရုပ်ဆိုလျှင် ရုပ်တုံးအခဲ(သဏ္ဍနပညတ်) မြင်နေသေးသရွှေ့ နာမ်ဆိုလျှင်လည်း နာမ်စဉ် အမျှဉ်တန်းနေသရွှေ့ ဖြစ်ပျက်ရှုလျှင် အတွေးအမြင် မမှန်နိုင်သေးပါ။ သမ္မာဒိဌိ သမ္မာသင်္ကပ္ပ မဖြစ်သေးပါ။ ဘာကြောင့် ယင်းသို့ဖြစ်ရသလဲဆိုလျှင် သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှာ မကိန်းသေးလို့ဟု ဖြေရမည် ဖြစ်ပါသည်။ မှန်ကန်တဲ့ သတိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ မှန်ကန်တဲ့ တည်ကြည်မှု မရှိခြင်းကြောင့် ဖြစ်ပါသည်။ မည်သည့်အချိန်မှာမှ မှန်ကန်တဲ့ တည်ကြည်မှုဖြစ်မည်လဲ။
သမထဘာဝနာဆိုလျှင် ဥပစာရသမာဓိ(ပထမဈာန်အနီးအနား) အပ္ပနာသမာဓိ(ပထမဈာန်) ရလို့ တစ်ခုတည်းသောအာရုံမှာ စိတ်ကတည်နေစဉ် စိတ်မှာ ပီတိ သုခ တွေပေါ်နေလျှင် သမာဓိမဂ္ဂင် ၃ ပါး ပြည့်စုံနေပြီ။ ထိုအချိန်မှာ ရှုနေဆဲ ကမ္မဋ္ဌာန်းအာရုံကို ဖြစ်စေ ခံစားနေရသော ပီတိကိုဖြစ်စေ အေးချမ်းနေတဲ့ ပဿဒ္ဓိကိုဖြစ်စေ၊ ချမ်းသာသုခကိုဖြစ်စေ ဉာဏ်ဖြင့်ပိုင်းခြားလိုက်ပါက ရှုလိုက်သည်နှင့် မရှိတော့ဟူသော ထိပျောက်၊ သိပျောက် သဘောတွေ့ပြီဆိုလျှင် ပညာမဂ္ဂင်ပေါ်ပါပြီ ။ ၀ိပဿနာမဂ် ပေါ်ပြီး မဂ္ဂင် ၅ ပါးစုံပါသည်။
ဝိပဿနာဘာဝနာဆိုလျှင် ရုပ်ကိုရှုနေသူသည် အာရုံမှာ ယောက်ျာပဲ မိန်းမပဲ အကောင်အထည်ပေါ်နေသေးလျှင်၊ စိတ်ကိုရှုသူသည် မြင်၊ ကြား၊ နံ၊ တွေးလိုက်သည်နှင့် အာရုံ၌ အမည်ပညတ်ပေါ်နေသေးရင် ( ဥပမာ အသံကြားသည်။ ယောက်ျားသံ၊ မိန်းမသံလို့ ခွဲလို့ရနေသေးလျှင်)၊ ဝေဒနာကို ရှုသူသည် နာတာကျင်တာ၊ ၀မ်းသာဝမ်နည်းစသည့် ခံစားမှုသဘောများ သိနေသေးရင် သမာဓိမဂ္ဂင် ၃ ပါး မစုံသေးပါ။ ယင်းသို့ ရှုနေရင်းက ခဏိကသမာဓိဟုခေါ်သော ရှုလိုက်တိုင်း ရှုလိုက်တိုင်း ခဏငယ်အခိုက် သမာဓိမဂ္ဂင် ပြည့်စုံလာပြီဆိုပါက ပူတာလေးသိလိုက် ပျောက်သွားလိုက်။ အေးတာလေးသိလိုက် ပျောက်သွားလိုက်။ ရိပ်ကနဲ တွန်းကန်တာလှုပ်ရှားတာလေး သိလိုက် ပျောက်သွားလိုက်။ ပူတာသည် လက်လား ခြေလား မသိလိုက်၊ လက်ခြေဆိုသော အထည်ပညတ်မပေါ်။ ရိပ်ကနဲ ရိပ်ကနဲလှုပ်တာလေး သိလိုက်သော်လည်း မည်သည့်အရာ မည်သည့်နေရာဟု ခွဲခြားပြလို့မရ။ အမည်တပ်လို့ မရတော့လျှင် ဖြစ်ပျက်ကိုပိုင်းခြားသိသော ပညာမဂ္ဂင်ပေါ်ပါပြီ။ ၀ိပဿနာ မဂ်ဖြစ်ပြီ။ မဂ္ဂင် ၅ ပါးစုံပါသည်။
ဧကောဓမ္မောဆိုသည့်အတိုင်း အရှုခံသည် ခန္ဓာ ၅ ပါးလုံးမဟုတ်၊ တစ်ခုတည်းသော ဓမ္မ ကို သာ ရှုဉာဏ်မှာပေါ်နေပြီ။ ထိုအခိုက်မှာ ရှုဉာဏ်က မရှုပ်ထွေး၊ ရှင်းလင်းနေ၏၊ အရှုခံက မကြမ်းတမ်၊ သိမ်မွေ့နေ၏။ တစ်ခုပြီးမှ တစ်ခု ဖြတ်ကနဲ ပေါ် ဖြတ်ကနဲပျောက်၊ အာရုံနှင့်ဒွါရ ထိလိုက်သည်နှင့်ပျောက် သိလိုက်သည်နှင့်ပျောက်၊ မမြဲ(အနိစ္စ)၊ ထပ်ခါတလဲလဲ ပေါ်ပြီးတိုင်းချက်ချင်းပျောက်။ ဖောက်ပြန်တဲ့သဘော (ဒုက္ခ)။ မည်သည့်နေရာကပေါ်လာမှန်းမသိလို မည်သည့်နေရာသို့ ပျောက်သွား မှန်းမသိ။ အကောင်အထည်မရှိ။ အစိုးမရ(အနတ္တ)။ အကောင်အထည် မမြင်ရသဖြင့် လိုချင်မှု မလိုချင်မှု မဖြစ် (တဏှာခမ်းခြောက်)။ ပျက်သွားပျောက်သွားပြီးတိုင်း တဒင်္ဂချုပ်ငြိမ်းမှု တဒင်္ဂနိဗ္ဗာန်တွေကို ရှုဉာဏ်က သိလာသည်။ တွေ့ဖန်များသော် ဉာဏ်ရင့်လာပြီး နိဗ္ဗာန်အစစ်နဲ့ ဉာဏ်နှင့်တည့် သွားသည်ဟု မိုးကုတ်ဆရာတော်ကြီးက မိန့်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ တရားချစ်ခင် သူတော်စင်များ ကြိုက်ရာလမ်းကိုရွှေးပါ။ မဂ္ဂင် ၅ ပါးစုံလျှင် နိဗ္ဗာန် တံခါးပေါက်ရောက်ပါပြီ။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
ပြေဇော်
27-8-2009
ကျွှန်တော်နှင့် ဓမ္မမိတ်ဆွေတစ်ဦး တရားဆွေးနွေးရာမှ ရေးသားဖြစ်ခဲ့သော ဆောင်ပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ မိတ်ဆွေ၏ မေးခွန်းကို ဖြေကြားနိုင်ရန် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသော မာလုကျပုတ္တသုတ်တော်ကို ကိုးကား၍ မိမိ နားလည်သလို ရေးသားသီကုံးထားပါသည်။ အကယ်၍ တရားကိုယ်အဓိပ္ပါယ်များ လွဲမှားခဲ့သော် မိမိအားနည်းချက်ကြောင့် ဖြစ်ကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။
********************************************************************************************
အစ်ကိုရေ… အခုလို အချိန်ပေးပြီး ၀င်ရောက်ရေးသားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ အစ်ကိုရေးတာကို ဖတ်မိတဲ့သူတွေ အားလုံးလည်း ထိုက်သင့်သလောက်တော့ အကျိုးရကြမှာပါ။ ဆက်လက်ပြီးတော့လည်း လိုက်နာမှတ်သား ကျင့်ကြံအားထုတ် သင့်တာလေးတွေကို ညွန်ပြပေးပါဦးနော်။ ဥပမာ၊ အနည်းဆုံးတစ်နေ့ကို တရားဘယ်နှစ်နာရီ ထိုင်သင့်သလဲဆိုတာရယ်၊ တရားထိုင်တာ ဘယ်လောက်ကြာမှ အစ်ကိုပြောသလို ဥာဏ်စဉ်တွေကို တွေ.ရမလဲဆိုတာကိုပေါ့။ (အစ်ကိုပြောတဲ့အတိုင်း သေချာထိုင်ရင်ပေါ့) ကျေးဇူးတင်စွာဖြင့်…
****************************************************************************************
ကိုတီမွန်း
ကျွှန်တော်လည်း အချိန်အားရှိတဲ့အခါ ၀င်ရေးသွားပါ့မယ်။ တဘက်မှာလည်း ကျွှန်တော်ထက် နားလည်တတ်ကျွှမ်းတဲ့ ကမ္မဋ္ဌာနစရိယ၊ ဓမ္မာစရိယ ဆရာတော်တွေ ဟောကြားတော်မူတဲ့ ၀ိပဿနာ အလုပ်ပေးတရားတွေလည်း အများကြီးရှိပါတယ်။ ကြိုးစားရှာဖွေ ဖတ်ရှုစေချင်ပါတယ်။ Easternstar တင်ပေးတဲ့ ဝေဘူဆရာတော်ကြီးရဲ့ တရားတွေဟာ တိကျမှန်ကန် လိုက်နာကျင့်ကြံအပ်တဲ့တရားတွေပါ။ ရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ သွန်သင် ဆုံးမမှုတွေဟာ ကိလေသာတွေတန်းလန်းနဲ့ ကျွှန်တော်တို့ ရေးသားမျှဝေတာထက်စာရင် တရားချစ်ခင်သူတော်စင်တို့အတွက် မနှိုင်းသာအောင် သာလွန် အကျိုးများပါတယ်။ သိတဲ့နေရာမှာလည်း မြင့်မိုရ်တောင်နဲ့ မုန်ညင်းစေ့လောက်ကွာပါတယ်။ ကျွှန်တော်ကိုယ်တိုင်လည်း အမြတ်တနိုးတန်ဖိုးထား မှတ်သားနာယူဆဲပါ။ အဲဒီလို တရားစစ်တရားမှန်တွေ မကွယ်ပျောက်သေးတဲ့အတွက် ကျွှန်တော်တို့ ခင်ဗျားတို့မှာ ၀ိပဿနာ မျိုးစေ့တွေ ဖြစ်ပေါ်ခွင့်ရကြပါတယ်။ ကြီးထွားခွင့်ရတယ်။ ရင့်သန်ခွင့်ရကြပါတယ်။
ဘယ်နှစ်နာရီထိုင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျွှန်တော်အမြင်ပြောရရင် ၀ိပဿနာကို ထိုင်မှ လုပ်တယ်လို့ မမြင်စေချင်ပါဘူး။ သမာထဘာဝနာလို အာရုံတစ်ခုတည်းမှာ စိတ်ကို တည်နေအောင် လုပ်ရတဲ့ အလုပ်မဟုတ်ပဲ အာရုံနဲ့ ဒွါရတိုက်တိုင်း တိုက်တိုင်းမှာ အရှိကို အရှိအတိုင်း သိအောင်လုပ်ရတဲ့ အလုပ်၊ ရုပ်နာမ်ဓမ္မတို့ရဲ့ ဖောက်ပြန်တတ်တဲ့သဘောကို သိပြီးရင်းသိနေအောင် ပွါးများရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် လျောင်ထိုင်ရပ်သွား လေးမျိုးလုံးမှာ ၀ိပဿနာ ဘာဝနာပွါးများလို့ရပါတယ်။ အိပ်ချိန်ကလွဲလို့ မြင်တိုင်းကြားတိုင်း သွားတိုင်စားတိုင်းကြံတိုင်းနံတိုင်းမှာ သတိလေးကပ်ပြီး ကိလေသာ ကြားမခိုအောင် သိရုံလေးသိပေးဖို့လိုပါတယ်။ သိနေတာ ငါ မဟုတ်သလို မြင်သမျှ ကြားသမျှသည်လည်း ငါ့အတ္တ ၊ ငါ့ဥစ္စာ မသတ်မှတ်မိဖို့ လိုပါတယ်။
ဒီလိုဖြစ်ဖို့က မြင်ရင် မြင်ကာမတ္တ၊ ကြားရင် ကြားကာမတ္တမှာ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ”ဖြစ်ဖို့လိုပါတယ်။ တနည်းဆိုရသော် ပရမတ် ရုပ်နာမ်တို့ ပေါ်လာတိုင်း ပေါ်လာတိုင်း သိ သိနေဖို့သည် ၀ိပဿနာ၏ လိုရင်းဖြစ်ပါတယ်။ အစပိုင်းမှာ တယ်မလွယ်လှပါဘူး။ အပြောလွယ် အလုပ်ခက်ပါ။ အာရုံနဲ့ ဒွါရတိုက်တာနဲ့ ဖဿ၊ ဝေဒနာ၊ တဏှာဆိုတဲ့ စိတ်အစဉ်တန်းက စာအရတာခွဲပြောနိုင်ပေမဲ့ လက်တွေ့မှာ ဘရိတ် အုပ်ဖို့ခက်ပါတယ်။ သတိထားမိလိုက်တဲ့ အချိန်မှာ ကိလေသာက ဖြစ်နှင့်နေပြီ။ သာယာဖွယ်လေး မြင်လိုက်ကြားလိုက် တွေးလိုက်တာနဲ့ လိုချင်တဲ့စိတ်လေး ဖြစ်နှင့်နေပြီ၊ သာယာစရာ မကောင်းဘူးဆိုတာနဲ့ မလိုချင်တဲ့ ဒေါသလေးက ဖြစ်နှင့်နေပြီ။ ကိစ္စမရှိပါ စောင့်ကြည့်နေဖို့သာလိုပါသည်။ သိလိုက်ပြီဆိုတာနဲ့ ဘရိတ်အုပ်ပြီးသား ဖြစ်သွားပါပြီ။ အဲဒီကျမှ စာစကားနှင့်ပြောရလျှင် ၀ီထိစဉ် ဖြတ်သွားပါတယ်။ ၀ိပဿနာ အလုပ် လုပ်နေသူပင် သတိမနိုင်၊ သမာဓိ မခိုင်ရင် ပညာ မလာနိုင်ပါဘူး။ မြင်ကာမတ္တ၊ ကြားကာမတ္တ မရပ်နိုင်လို့ ၀ီထိစဉ်တွေ ဆက်ကာ ဆက်ကာပေါ်ပြီး ကိလေသာတွေ ဆူဖြိုးရင် နိဗ္ဗာန်နဲ့ ဝေးပါလိမ့်မယ်။ မှတ်လို့လွယ်အောင် ကဗျာလေး ဖွဲ့လိုက်ပါ့မယ်။
ပရမတ်တွေ အကြောင်းပြု၊ သဏ္ဍာန်ဒြပ်ထုပေါ်၊
ပေါင်းစုခေါ် အမည်ပညတ်၊ ကောင်းဆိုးကွဲမှ ရပ်
မကပ်သတိ ထိုပုဂ္ဂိုလ်၊ တယ်လဲမေ့သကို
နိဗာန်ဆို သူနဲ့ဝေး၊ အာသ၀ရဲ့ဘေး။
ဒီကဗျာလေးရဲ့ ဆိုလိုရင်းက ဥပမာ ဆိုပါစို့၊ အမျိုးသားတစ်ဦး တယ်လီဖုန်းသံကြားလို့ ကောက်ကိုင်လိုက်ပါတယ်။ အသံဆိုတဲ့ ရုပ်ပရမတ် နဲ့ နားအကြည်ဆိုတဲ့ ရုပ်ပရမတ်တို့ ထိတွေ့ရာက ကြားသိစိတ် နားမှာ စပေါ်ပါတယ်။ မနောမှာ မှတ်သားတဲ့ သညာက အသံလာရာ သဏ္ဍာန်ပညတ် (လူတစ်ယောက်) ပုံဖော်ပေးပါလိမ့်မယ်။ အသံကိုဆက်ခါခါကြားတော့ ဒါသည် အမျိုးသမီးတစ်ယောက် အသံ။ “သြော် ငါ့မဟေသီလေးအသံ ထင်တယ်” အမည်ပညတ် ပေါ်လာပါတယ်။ သဘောကျတဲ့ စိတ်တွေကြောင့် ဖြစ်တဲ့ စိတ္တဇရုပ်တွေက မျက်နှာမှာ ဖြစ်ပါတယ်။ ပြုံးလို့။ ဆက်လည်း နားထောင်လိုက်တော့ “ဟ..မဟုတ်ဘူး၊ ငါ့ ယောက္ခမ အစ်မကြီးအသံပဲ၊ ဘာလာရှုပ်ပြန်ပြီလဲ မသိဘူး”။ ချက်ချင်း မျက်နှာရှုံ့မဲ့သွားပါတယ်။ အဲလို ကောင်းဆိုး သတ်မှတ် လိုက်တာနဲ့ လောဘ ဒေါသ ကပ်လိုက်လာပါတယ်။ အလွန်လျှင်မြန်ပါတယ်။ အဲတာ ၀ိပဿနာရှုထောင့်မှ ကြည့်ရင် သတိမရှိသူ (မေ့တတ်သူ) မဟုတ်ပါလား။
သတိ သမာဓိကောင်းနေရင် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့(ပထ၀ီ၊ တေဇော၊ ၀ါယော)၊ အတွေး စတာတွေသည် ဖြစ်တယ်ဆိုတာနဲ့ မည်ကာမတ္တနဲ့ ပျက်တာကို သိလိုက်ပါတယ်။ သဏ္ဍာန်ပညတ်မျှပင် မပေါ်လိုက်ပါ။ ဒါသည် ၀ိပဿနာအာရုံ အစစ်ပါ။ ဉာဏ်နဲ့ ပိုင်းဖြတ်ရင် ရုပ်နာမ်ကွဲလို့ နာမရူပ ပဋိစ္ဆေဒဉာဏ် ဖြစ်ပါမယ်။ ဆက်ခါဆက်ခါရှုရင် အသံရုပ်တွေပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာကို ဥဒယဗ္ဗယဉာဏ်က သိလာပါမယ်။ ဖြစ်ပျက်မဂ်(၀ိပဿနာမဂ်) အံကျလေး ဖြစ်လာပါမယ်။ အပျက်တွေထင်းရှာတဲ့အခါ ဘင်္ဂဉာဏ်ပေါ် နောက်ဆုံး ဖြစ်ပျက်မဂ်(အရိယမဂ်)နဲ့ နိဗ္ဗာန်ဆိုက်သွားပါတယ်။
အကယ်၍ သတိ သမာဓိ အာနည်းသေးရင် သဏ္ဍာန်ပညတ်တွေ အမည်ပညတ်တွေ ဆက်လိုက်လာပါတယ်။ အချို့က အဲတာကို အတိတ်/ပစ္စုပ္ပန်/အနာဂါတ် ဥပါဒါနက္ခန္ဓာတွေ။ ၀ိပဿနာရှုကောင်းတယ်လို့ ပြောကြပါတယ်။ အမှန်တော့ ဘုရားဟော ဥပါဒါနက္ခန္ဓာသည် ရုပ်စစ်စစ် နာမ်စစ်စစ်တွေလို့ နားလည်ပါတယ်။ သဏ္ဍာန်ပညတ် အမည်ပညတ်တွေ အဆင့် မရောက်ပါ။ အာရုံမှာ အထည်ဒြပ်ပေါ်ရင် ၄င်းတို့ကို ဖြစ်ပျက်တင်လို့ ၀ိပဿနာဉာဏ် မဖြစ်ပါ။ အဲလို အထည်ပညတ်ပေါ်ရင် ကိလေသာကြွင်းရှိသူအဖို့ အာသ၀ရဲ့ အာရုံဖြစ်သွားပါပြီ။ စွဲလမ်းစရာဖြစ်သွားပါပြီ။ ပရမတ်အစစ် ဓါတ်အနှစ်တွေက သဘောတရားမျှသာဖြစ်လို့ စွဲလမ်းစရာ နှစ်သက်စရာ မဖြစ်ပါ။
ထို့ကြောင့် လျောင်ထိုင်ရပ်သွား သင့်သလိုရွှေးပြီး တံခါး ၆ ပေါက် အနက် အပြင် ၅ ပေါက်မှာ ပေါ်ချင်တာပေါ်ပါစေ၊ သတိ အကြီးအမှူးပြုတဲ့ သဒ္ဓါနှင့် ပညာ၊ ၀ီရီယနှင့် သမာဓိ ဟန်ချက်ညီ ဗိုလ် ၅ ပါးက မနောပေါက်ကနေ စောင့်ဖမ်းပါ။ မဖမ်းနိုင်လို့ လွတ်သွားတဲ့ အာရုံတွေကို အာသ၀မြွေကြီးလေးကောင် စားပါလိမ့်မယ်။ ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဖာသ၀ဆိုတဲ့ မြွေကြီးတွေက မနောပေါက်မှာ သောင်းကျန်းနေတာ သံသရာတစ်လျောက်ပါပဲ။
အဲဒီတော့ ဘယ်လောက်ကြာကြာထိုင်ရမလဲဆိုတဲ့အဖြေက ဗိုလ် ၅ ပါး ဘယ်လောက် အစွမ်းထက်သလဲပေါ် မူတည်ပါတယ်။ သူတို့ အစွမ်းထက်လို့ကတော့ ထိုင်ရင် ၁၅ မိနစ် နာရီဝက် ဉာဏ်စဉ်တွေ တက်သွားနိုင်ပါတယ်။ အရှင်အာနန္ဒာကိုယ်တော်ကြီးဆိုရင် လျောင်းထိုင်ရပ်သွား ၄ ပါးအလွတ် ရပ်တယ်လည်း မဟုတ် လျောင်းတယ်လည်း မဟုတ် ကြားထဲမှာ အရဟတ္တမဂ်ကျသွားတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ သိပြီး ဖြစ်မှာပါ။ ၀ိပဿနာဉာဏ်ရင့်လာရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့က လက်တစ်ဖျစ်တီးတောင် မကြာပါဘူးဆိုတာ အထင်အရှားပါပဲ။ အတိတ်က ပါရမီ ပါလား မပါလား၊ တိဟိတ်လား ဒွိဟိတ်လား ထွေပြားမနေစေချင်။ လက်တွေ့ လုပ်ဖို့ပဲလိုပါတယ်။ ကံထမ်းလာတာ မမြင်ရပါ။ နာရီဝက်လောက်ထိုင်ရုံနဲ့ တရားရတာ တယ်လွယ်ပါ့လားလို့တော့ မအောက်မေ့ပါနှင့်။ အိပ်ချိန်မှလွဲလို့ လျောင်းထိုင်ရပ်သွား လေးပါးစလုံး မြင်ကြားနံစားတွေးထိ ဒွါရ ၆ ပေါက်မှာ ဘာပဲပေါ်ပေါ် ဗိုလ် ၅ ပါး အစောင့်ချထားတာ ဘယ်နှစ်ရက် ရှိပြီလဲ၊ ဘယ်နှစ်လရှိပြီလဲလို့ အရင်မေးကြည့်စေလိုပါတယ်။ တရားရဖို့သည် ၇ ရက်(သို့)၇ လ၊(သို့)၇ နှစ် အဲလို စွဲစွဲမြဲမြဲကျင့်မှ မဂ်ဖိုလ် ဆိုက်မယ်လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားဟောရှိပါတယ်။ ဘုရားလက်ထက်တော်က တဂါထာ တပိုဒ်လောက် ကြားနာရရုံနဲ့ တရားထူးရတဲ့ ပုဂ္ဂိုလ်တွေ ဒီခေတ်မှာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ခုခေတ်မှာ လေးမျိုးသော ပုဂ္ဂိုလ်ထဲမှ နေယျပုဂ္ဂိုလ်၊ ပဒပရမပုဂ္ဂိုလ်များသာ ရှိမယ်ဖြစ်တဲ့အတွက် ဘာဝနာပွါးမှ တရားရကြပါမယ်။ ကျင်ကြံပါလျက် ခုဘ၀မှာ တရားထူး မရသေးရင် ၀ိပဿနာသမ္မာဒိဋ္ဌိကြောင့် ရှေ့ဘ၀မှာ သုဂတိဘုံကို ရောက်စေတဲ့အတွက် လာမဲ့ဘ၀မှာ ဆက်အားထုတ်ရင် တရားထူးရနိုင်တယ်မှတ်သားမိပါကြောင်း ဖြေကြားလိုက်ပါတယ်။
ချမ်းသာစစ်နဲ့ ပြည့်စုံပါစေ။
ပြေဇော်
23-8-2009
ဒုက္ခ သဘောကို စောကြောကြည့်ရာတွင် အများစုမှာ သိလွယ်မြင်လွယ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကြုံမှသာ ဒုက္ခပါတကားဟု ပြောလေ့ရှိကြသည်။ ကိုယ်ချမ်းသာ စိတ်ချမ်းသာနှင့် နေရခိုက်လည်း ဒုက္ခပါပဲဟု ပြောဆိုလျှင် တော်ရုံ လက်မခံချင်ကြပါ။
သတ္တ၀ါမှန်သမျှတို့တွင် ဒုက္ခ ၃ မျိုးရှိပါသည်။
(၁) ဒုက္ခ ဒုက္ခ။ သိလွယ်မြင်လွယ်သော ကိုယ်ဆင်းရဲခြင်း စိတ်ဆင်ရဲခြင်း ကာယိကဒုက္ခ စေတသိကဒုက္ခ
(၂) ၀ိပရိဏာမ ဒုက္ခ။ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းဟူသော သုခဝေဒနာများသည် ထာဝရမတည်မြဲပါ။ တချိန်တွင် ပျက်စီးကုန်ဆုံးပြီး ဒုက္ခက အစားထိုးသွားပါသည်။ ယင်သို့ဖောက်ပြန်ပျက်စီးခြင်းသဘောဆောင်သောကြောင့် သုခဝေဒနာတို့သည်လည်း ဒုက္ခအမျိုးအစားပင်ဖြစ်ပါသည်။ ယင်းတို့ကို ၀ိပရဏာမ ဒုက္ခဟု ခေါ်ပါသည်။
(၃) သင်္ခါရဒုက္ခ။ သိလွယ်ခံစားလွယ်သော ဒုက္ခဝေဒနာ သုခဝေဒနာမျိုး မဟုတ်သော ဥပက္ခာဝေဒနာများသည်လည်း ဖြစ်လိုက်ပျက်လိုက်သဘောဆောင်ပါသည်။ ခန္ဓာကိုယ်ရှိ Cell လေးများသည် စက္ကန့်မလပ် ပျက်စီးနေပြီး ၄င်းနေရာတွင် အသစ်အသစ်များ အစားထိုးသွားသည်။ ထို့အတူ နာမ်ခန္ဓာလေးများသည်လည်း ထိုနည်းလည်ကောင်း ချုပ်ပျောက်သွားလိုက် အသစ်အစားထိုးလိုက်ဖြစ်နေပါသည်။ ထိုရုပ်နာမ်အစုလေးတွေ ဖြစ်ပျက်မှု အစုစုသည် ဥပေက္ခာဝေဒနာနှင့်ယှဉ်သည်။ ၀ိပဿနာရှုနေသူမှ လွဲ၍ သာမန်လူတို့ မမြင်နိုင် မသိနိုင်။ ၄င်းတို့ ဖြစ်မှုပျက်မှုတို့ကြောင့် အကောင်းအဆိုး မည်သို့မျှ မခံစားရ၊ သူ့ဘဘာဝအတိုင်းသာ ဖြစ်နေခြင်း မဟုတ်ပါလား။ ထိုဖြစ်မှု ပျက်မှု အစုစုတို့သည် အကြောင်းမဲ့ ဖြစ်နေခြင်းမဟုတ်။ ပြုပြင်စီရင်မှုဟူသော အကြောင်းကြောင့် အကျိုးဖြစ်ထွန်းရသည်။ ထိုသို့ ပြုပြင်ပြောင်းလည်းမှုကြောင့် ဖြစ်မှုပျက်မှု အစုစုကို သင်္ခါရဒုက္ခဟုခေါ်သည်။ ဒုက္ခ ၃ မျိုးတွင် သင်္ခါရဒုက္ခသည် ၃ မျိုးလုံးကို ကိုယ်စားပြုသည်။
သက်ရှိလောက၌ ပြုပြင်စီရင်တတ်သောသဘောကို မည်သူမျှ စောဒက မတက်ကြသော်လည်း သက်ရှိတို့ ပြပြင်မှု မပါပဲ သက်မဲ့လောက ရုပ်တရားအချင်းချင်း ပြုပြင်စီရင်မှုကိုမူ မသိမြင်သော လူသားများအဖို့ တန်ခိုးရှင်များက ဖန်တီးနေသည်ဟု ယူဆလာကြသည်။ အလွယ်ဆုံး ဥပမာ ရေသံသရာလည်ပုံ ထုတ်နုတ်ဖော်ပြပါမည်။ ၄င်းဖြစ်စဉ်ကို မည်သူ ပြပြင်ပြောင်းလဲလို့ ဖြစ်လာပါသနည်း။ မိုးနတ်မင်းကြီး ရွာချခြင်း မဟုတ်သလို ထာဝရဘုရားသခင် ဖန်ဆင်းလိုက်ခြင်းလည်း မဟုတ်။ မည်သည့် သက်ရှိမှ မပါပေ။ ဓါတ်ကြီးလေးပါးပြပြင်စီမံမှုကြောင့် ဖြစ်ပါသည်။ နေရောင်ခြည်မှာပါလာသော တေဇောဓါတ်များ ချုပ်ပျောက်ခြင်းက အကြောင်း၊ ပင်လယ်ထဲရှိ ရေကလါပ်စည်းများတွင်ပါသော တေဇောဓါတ်များတိုး၍ ဖြစ်ပေါ်လာခြင်းသည်အအကျိုး။ ထိုတေဇောဓါတ်တိုးလာခြင်အကြောင်းကြောင့် ရေတွင် ပထ၀ီဓါတ်(မာ၊လေး)၊ ၀ါယောဓါတ်(ထောက်ကန်)၊ အာပေါဓါတ်(ဖွဲ့စည်း)လျော့နည်းခြင်း အကျိုးဖြစ်လာသည်။ ထိုဓါတ်ကြီး ၄ ပါး ပြောင်းလဲမှုကြောင့် အ၇ည်ဘ၀မှ အငွေ့ဘ၀ပြောင်းသွားပြီး အထက်သို့တက်သွားသည်။ တိုးလာသော တေဇောဓါတ်တို့ အထက်ရောက်သည်နှင့် ချုပ်ပျောက်မှု အကြောင်းကြောင့် ပထ၀ီဓါတ်၊ ၀ါယောဓါတ်၊ အာပေါဓါတ်တွေတိုးလာကာ အရည်ဘ၀ဖြင့် အောက်သို့ ပြန်ဆင်းလာရပြန်သည်။ သမုတိသစ္စာနယ်တွင် အရည် အငွေ့ဟု ခွဲခြားပြောဆိုကြသော်လည်း ပရမတ်နယ်တွင် အရည်ကော အငွေ့ကော ဓါတ်ကြီးလေးပါး အပေါင်းအစု၊ ပေါင်းစပ်ပါဝင်မှု မတူညီခြင်းသာကွာပါသည်။ အစိုင်အခဲ အရည် အငွေ့ဟု သိပ္ပံပညာတွင် ခွဲခြားသတ်မှတ်ကြသော်လည်း ဗုဒ္ဓ၏ fundamental or elementary theory အရ မည်သည့် ရုပ်ကလပ်စည်းမဆို အတူတူပင်၊ ဓါတ်ကြီးလေးပါး ပေါင်းစပ်ပါဝင်မှု ကွဲပြားခြင်းသာရှိသည်ဟု ဆိုသည်။ ရေငွေ့မှ ရေခဲ ရုပ်ကလပ်ပြောင်းမှု ဖြစ်စဉ်တွင် ပထ၀ီဓါတ်(မာ၊ လေး) ပိုများလာသည်။ အာပေါဓါတ်(ဖွဲစည်း) ပိုများလာသည်သည်။ ၀ါယောဓါတ်(ထောက်ကန်) ပိုများလာသည်။ ထိုသို့ဖြစ်ပေါ်ရန် အကြောင်းတရားမှ တေဇောဓါတ်(အပူ) လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ တစ်နေရာတွင် တေဇောဓါတ်တိုး၍ ဖြစ်ပေါ်လာလျှင် အခြားတစ်နေရာတွင် ချုပ်ပျောက်သွားမှုက အကြောင်းဖြစ်မည်။ ဆိုလိုသည်မှာ တစ်ခုသောရုပ်ကလပ်တွင် ဓါတ်ကြီး ၄ ပါး အပြောင်းအလဲသည် အခြားရုပ်ကလပ်အတွက် ဓါတ်ကြီး ၄ပါး ပြောင်းလဲဖို့ရန် အကြာင်းတရားဖြစ်နေတတ်သည်။
ယင်းသို့ပြောင်းလဲမှုတွင် အရည်မှ အငွေ့သို့ပြောင်းလဲသလိုချည်း သတ်မှတ်လို့ မရ။ ဥပမာ လူတစ်ယောက်က ခဲတစ်လုံးကိုကိုင်၍ အဝေးသို့လွင့်ပစ်လိုက်သော ဖြစ်စဉ်တွင် လူ၏ စိတ္တဇ၀ါယောရုပ်များတိုးလာ၍ လက်လှုပ်ရှားမှု ဖြစ်လာသည်။ ဤဖြစ်စဉ်သည် နာမ်စွမ်းအင်မှ ရုပ်စွမ်းအင် ပြောင်လဲမှုဖြစ်စဉ်ဖြစ်သည်။ လက်လှုပ်ရှားမှုရပ်သွားပြီး ၀ါယောဓါတ်များချုပ်ပျောက်သွားမှုက ခဲရုပ်ကလပ်များတွင် တိုး၍ ဖြစ်ပေါ်လာသည်။ ဤဖြစ်စဉ်တွင် ၀ါယောဓါတ်(တွန်းကန်)တိုးမှုက ခဲကိုေ၇ခဲမှ ရေငွေ့ ပြောင်းသလို မပြောင်းသွားသော်လည်း ခဲသည် လေထဲတွင် ရွှေ့နေသည်ကို မြင်ရမည်။ ထိုခဲသည် မြေကြီးပေါ်ကျလာသောအခါ မြေမှုန့်များလှုပ်ရှားသွားသည်။ ခဲတွင်ချုပ်ပျောက်သွားသော ၀ါယောဓါတ်သည် ပွတ်တိုက်သွားသော လေမှုန် မြေမှုန်တို့တွင် တိုး၍ ဖြစ်ပေါ်သွားသည်။ အကယ်၍ မြေကြီးပေါ်မကျပဲ ပြူတင်ပေါက်မှန်ကို သွားထိသည်ဆိုပါစို့။ မှန်ကွဲသွားမည်။ ခဲတွင်ချုပ်ပျောက်သော ၀ါယောဓါတ်တို့သည် မှန်တွင်တိုး၍ ဖြစ်ပေါ်လာသည်။ မှန်ရုပ်ကလပ်စည်းတွင်မူလက ရုပ်ကလပ်စည်းချင်းတွဲကပ်စေသော အာပေါဓါတ်သည် တိုးလာသော ၀ါယောဓါတ်ကြောင့် မှန်ကလပ်စည်းချင်း ဖွဲ့စည်းမထားနိုင်တော့။ ဤတွင် ပုံသဏ္ဍန်ပြောင်းလည်းမှု ဖြစ်ပေါ်လာတော့ဥည်။ တစ်စစီ ကွဲထွက်သွားတော့သည်။
ဤသည်မှာ ရုပ်ဓါတ်အချင်းချင်း အပြန်အလှန် ကြောင်းကျိုးပြုနေကြောင်း၊ နာမ်ဓါတ်နှင့် ရုပ်ဓါတ်တို့ အချင်းချင်း ပြန်လှန်ကြောင်းကျိုးပြု ဖြစ်ပျက်နေကြောင်း မြင်သာထင်သာစေရန် အကျဉ်းမျှ ထုတ်နုတ်ပြခြင်း ဖြစ်ပါသည်။ သဘာဝလောကြီး၏ သက်ရှိ သက်မဲ့တို့ ပြောင်းလဲမှု ဖြစ်စဉ်တိုင်းကို ဓါတ်ကြီးလေးပါး မည်သည်ကတိုး မည်သည်ကလျော့ ညီမျှခြင်းချပြနိုင်ခြင်းငှာ မစွမ်းပြီ။ ရေမြေတောတောင် စကြာဝဋ္ဌာကြီးအတွင်းရှိ ရုပ်တရားများ၊ ၃၁ ဘုံသား သတ္တ၀ါများရှိ နာမ်တရားအားလုံးတို့ သည်လည်း အကြောင်းအကျိုးချိတ်ဆက် ဖြစ်ပျက်နေမှုမှ မလွတ်ကင်းကြပေ။ ထို သင်္ခါရ ဒုက္ခကို ပရမတ်ဆိုက်အောင် ဉာဏ်နှင့် ရှုမြင်သည့်အခါ ဘယ်အရာကြည့်လိုက်ကြည့်လိုက် ဖြစ်မှုပျက်မှု အစုဟုသာ တွေ့ရတော့မည်။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ခင်မင်စရာ တွယ်တာစရာများ မရှိတော့ ရုပ်ဓါတ်ကြီးလေးပါး(အကျယ် ၂၈) နာမ်ခန္ဓာလေးပါးမှလွဲ၍ ဘာတစ်ခုမျှ မတွ့ရတော့။ မူလက ထင်မှားမူပျောက်ပြီး စွဲလမ်းမှု တဏှာချုပ်ကာ သံသရာ တစ်လျောက် ဒလစပ်ဖြစ်ပျက်လာသော (လောကီ)နာမ်ခန္ဓာစဉ် ချုပ်ပျောက်ရပါတော့သည်။ နာမ်နှင့်ရုပ် သဟဇာတသဘောဆောင်သဖြင့် နာမ်ချုပ်သည်နှင့် ရုပ်ပါချုပ်ပျောက်ရပါတော့သည်။ ဤသို့ တစ်ကြိမ်ဖြစ်ပေါ်ရုံဖြင့် နာမ်ခန္ဓာစဉ် အပြီးတိုင်မချုပ်သေးပါ။ တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် ပြေးနေသော လော်လီကားကြီးကို ဘရိတ်တချက်ဆွဲလိုက်သည်နှင့် နေရာမှာပင် တုံ့ကနဲ မရပ်ပါ။ အနည်းဆုံး ပေ လေး ငါးဆယ် ရောက်မှ ရပ်သွားလိမ့်မည်။ ထို့အတူ သံသရာတစ်လျောက် မမောနိုင် မပန်းနိုင် စုန်ဆန်နေသော နာမ်ခန္ဓာစဉ် ရထားကြီးသည် တဏှာတစ်ကြိမ်ချုပ်ရုံဖြင့် နေရာမှာ တုံ့ကနဲ မရပ်နိုင်။ သို့သော် အရှိန်ကား လျော့သွားပြီ။ နောက် ၃ကြိမ် ချုပ်သောအခါ ဆက်မသွားနိုင်တော့။ လောကီလောကုတ်နာမ်ခန္ဓာစဉ်ဟူသရွှေ့ အကုန်ချုပ်တော့သည်။ အကျိုးရုပ်တရားတို့လည်း ဘယ်သောအခါမျှ ပြန်ဖြစ်စရာ မရှိပြီ။
ယင်းသဘောတရားကို ဆရာမကူ ကိုယ်တော်တိုင်ထွင်းဖောက်သိမြင်ပြီး သတ္တ၀ါတို့ကို သင်္ခါရဒုက္ခများမှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့သော မြတ်ဗုဒ္ဓ၏ ဉာဏ်တော် ကျေးဇူးတော်တို့သည်ကား အဖိုးမဖြတ်နိုင်လောက်အောက် ကြီးမားပေစွတကား။ ထိုအတူ ရတနာတမျှ အဖိုးထိုက်သော လွတ်မြောက်ရာလမ်းကို သိစေအပ်သော ဗုဒ္ဓ၏တရားတော်တို့ကို နှစ်ပေါင်း ၂၅၀၀ တိုင် မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ပေးကြသော သံဃာတော် အရှင်မြတ်များ၊ ဤရတနာ ၃ ပါး ၏ အဆုံးအမအောက်မှာ ကြီးပြင်းခွင့်ရစေဖို့ လူလားမြောက်အောင် ကျွှေးမွေးစောင့်ရှောက်ခဲ့သော မိဘ၂ ပါး၊ အသိဉာဏ်ပညာတိုးပွါးစေဖို့ သွန်သင်ဆုံးမခဲသော့ ဆရာသမားတို့၏ ဂုဏ်ကျေဇူးတို့သည်လည်း အဖိုးမဖြတ်နိုင်ပေ။ ထို အနန္တော အန န္တငါးပါးကို ဦးထိပ်ပန်ဆင်ရင်း အသိအမြင်မှန်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း ဤဆောင်ပါးကို နိဂုံးချုပ်အပ်ပါသည်။
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ
ပြေဇော်
၁၀-၇-၂၀၀၉
စာရေးသူရဲ့ blog တွင် ပို့စ် အသစ်များ မတင်ဖြစ်သည့်အတွက် မကြာခဏ ၀င်ရောက်ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းအား ဦးစွာတောင်းပန်အပ် ပါသည်။ စာရေးသူမှာ ပညာရပ်ဆိုင်ရာ ကျမ်းပြုစာတမ်းအတွက် အလုပ်များနေ၍ တရားနာခြင်း၊ ဘာသာရေး စာပေများ ဖတ်ရှုခြင်း၊ ပြန်လည်မျှဝေခြင်းများ စဉ်ဆက်မပြတ် မလုပ်ဖြစ်ပါ။ ရံဖန်ရံခါတွင်မူ သမထ ၀ိပဿနာကို ကြိုးစားပမ်းစား အားထုတ်နေသော လူငယ်များနှင့် ကြုံရပါသည်။ အချို့သော လူငယ်များမှာ သမထပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ကြ သော်လည်း ၀ိပဿနာပိုင်းနှင့်ပါတ်သက်၍ ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြောင်း ပြောကြပါသည်။ ၀ိပဿနာပိုင်းသည် စာတွေ့ လက်တွေ့ ၂ ရပ်ပေါင်းမှ နားလည်သဘောပေါက်နိုင်သည်ဟု ထင်မြင်မိပါသည်။ တရားနာခြင်းသက်သက် စာချည်းသက်သက် သဘောပေါက်ဖို့ ခဲယဉ်းပါသည်။ မည်သို့ဆိုစေ ၀ိပဿနာကို စိတ်ဝင်စားသူ ယောဂီများ အကျိုးရှိစေခြင်း အလို့ငှါ မိုးကုတ်ဆရာတော်ကြီး နားလည်ရလွယ်အောင် ဟောကြားသော လူလိမ္မာနဲ့ လူမိုက်ဆိုတဲ့ တရားထဲမှ ၀ိပဿနာ သမ္မာဒိဌိအကြောင်းမှ ကောက်နုတ်၍ ရေးသားမျှဝေပါမည်။
သမ္မာဒိဌိ ၅ မျိုးရှိပါသည်။ ၄င်းတို့မှာ -
(၁) ကမ္မဿကတာ သမ္မာဒိဌိ
(၂) ဈာန သမ္မာဒိဌိ
(၃) ၀ိပဿနာ သမ္မာဒိဌိ
(၄) မဂ္ဂသမ္မာဒိဌိ
(၅) ဖလ သမ္မာဒိဌိ တို့ ဖြစ်ပါသည်။
၁ - နံပါတ် နှင့် ၂ နံပါတ်တို့ကို သာသနာပမှာပင် တွေ့ရနိုင်သော်လည်း ၃ နံပါတ် ၄ နံပါတ် ၅ နံပါတ် သမ္မာဒိဌိ အမျိုးအစားတို့ကို သာသာသနာအတွင်းမှာသာ ရနိုင်ကြောင်း မိန့်ကြားထားပါသည်။ ၁ နံပါတ် သမ္မာဒိဌိ အမျိုးအစားသည် ကောင်းတာလုပ်လျှင် ကောင်ကျိုးပေးပြီး မကောင်းတာလုပ်လျှင် မကောင်းကျိုးပေးမည်ဆိုသည်ကို သိသောဉာဏ်ဖြစ်ပြီး ၄င်းဉာဏ်ရှိသည်နှင့်ပင် သမ္မာဒိဌိ ဖြစ်ပါပြီ။ မိမိသန္တာန်မှာ ကိန်းအောင်းခိုက် သမ္မာဒိဌိ ဖြစ်ပင်ဖြစ်ငြားသော်လည်း ဒုက္ခမှ ကျွှတ်စေသလားဆိုသည်ကို ဆန်းစစ်ကြည့်သော်အခါ ဘ၀ သမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိဟူသော ဘ၀၏ပြည်စုံမှု၊ ပစ္စည်းဥစ္စာ ရတနာတို့၏ နောက်ဘ၀၌ ပြည့်စုံစေမှုဆိုသော သတ္တိကိုသာ ပေးနိုင်ပါသည်။ ၄င်းသတ္တိက ဘ၀ပစ္စယာ ဇာတိဆိုသည့်အတိုင်း ဒုက္ခသစ္စာက မလွတ်ပါ။ ဒုတိယ သမ္မာဒိဌိဖြစ်တဲ့ ဈာနသမ္မာဒိဌိသည် ဈာန်တရားတွေကို ပွါးများနေခြင်းဖြစ်ပြီး ဈာန်နှင့်ယှဉ်သော သမ္မာဒိဌိဖြစ်နေသော်လည်း ရူပ အရူပ ဘ၀ကိုသာ အကျိုးပေးနိုင်သဖြင့် ဇာတိ ဇရာ မရဏမှလွတ်မြောက်စေသော အားကိုးထိုက်သော သမ္မာဒိဌိမျိုး မဟုတ်သေးပါ။ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ၅ ပါးသော သမ္မာဒိဌိအနက် ၁ နံပါတ်နှင့် ၂ နံပါတ်တို့သည် နိမ့်ကျသော သမ္မာဒိဌိမျိုး ဖြစ်သော်လည်း တစ်ပါးသော သာသနာတို့တွင်မူ ဤအမြင်မျှပင် မရှိသဖြင့် အထင်ကြီးလောက်စရာဟု ဆရာတော်ကြီးက မိန့်ကြားသွားပါသည်။ ၃ နံပါတ်ဖြစ်သော ၀ိပဿနာ သမ္မာဒိဌိသည် နိဗာန်အထိ အကျိုးပေးပါသည်။ ၀ိပဿနာသမ္မာဒိဌိ ပြည့်စုံပြီဆိုသည်နှင့် မဂ္ဂသမ္မာဒိဌိ လာပါလိမ့်မည်။ မဂ္ဂသမ္မာဒိဌိသည် ဒုက္ခ၀ဋ် ဖြတ်ပေးပါသည်။ ဒုက္ခ၀ဋ်ဖြတ်ခြင်းသည် သမုဒယချုပ်ခြင်းဖြစ်သောကြောင့် ကိလေသ၀ဋ်ပြတ်၊ ကမ္မ၀ဋ်ပြတ်၊ ၀ိပါက၀ဋ်မလာ မဂ်ရခြင်းသည် ၀ဋ်ပြတ်ခြင်း အကျိုးပေးပါသည်။ ဖလ သမ္မာဒိဌိသည် ၀ဋ်ပြတ်ရုံမျှ မက ပဋိသန္ဓေထိအောင် ပြတ်စေသည့် အကျိုးပေးသည်လို့ ဟောကြားသွားပါသည်။ ထို့ကြောင့် ၄ နံပါတ် ၅ နံပါတ်ရောက်ဖို့ ၀ိပဿနာသမ္မာဒိဌိ မရှိလို့ မဖြစ်၊ ၀ိပဿနာ သမ္မာဒိဌိက အရင်းမြစ် ဖြစ်နေကြောင်း အလေးအနက်ထား အားထုတ်ရန်လိုပါသည်။
သမ္မာဒိဌိဆိုသည်မှာ အမှန်မြင်ခြင်းဟု အဓိပ္ပါယ်ရသောကြောင့် ၀ိပဿနာ သမ္မာဒိဌိဆိုသည် ဘယ်အရာကို အမှန် မြင်ရမည်နည်းဆိုသည့် မေးခွန်း၏အဖြေကို ဦးစွားသိထားဖို့လိုပါသည်။ ဆရာတော်ကြီး မိန့်မှာချက်မှာ အစဖြစ်သော ခန္ဓ ပဋိစ္စသမုပ္ပါဒ် အပေါ် အမှန်မြင်အောင် ရှုရပါမည်။ မိအောင်ကြည့်ဖို့လိုပါမည်။ အ၀ိဇ္ဖာ၊ သင်္ခါရသည် အတိတ်အကြောင်းတရားတွေဖြစ်လို့ ရှုလို့မရပါ။ ၀ိဉာဏ်က စရှုရမည်။ ပဋိသန္ဓေ၀ိဉာဏ်လည်း ချုပ်သွားပြီဖြစ်လို့ ရှုမရတော့ပါ။ ဖြစ်ဆဲ ၀ိဉာဏ် ၆ ပါးကို ရှုရမည်။ မြင်သိ၊ ကြားသိ၊ နံသိ၊ ထိသိ၊ အရသာသိ၊ တွေးသိ စသော ၀ိဉာဏက္ခန္ဓာ ၆ ပါးတို့အနက် တစ်ခုစီသည်လည်း သူချည်းသက်သက် မဖြစ် ကျန် နာမ်ခန္ဓာ ၃ ပါးနှင့် ရုပ်ခန္ဓာ ၁ ပါး ပေါင်း ၄ ပါး တွဲလျက်ဖြစ်သည် မဟုတ်ပါလား။ ထိုခန္ဓာ ၅ ပါးတွင် တစ်ပါးပါးကို ရှုရမည်။ ရှုသည့်ဉာဏ်က ၀ိပဿနာဉာဏ်ဖြစ်ပြီး မြင်တာသည် အရှုခံခန္ဓာ မရှိတာကို သိမြင်ခြင်းဖြစ်သည်။ မရှိခြင်းသည် ဖြစ်ပြီးမှ မရှိတော့ခြင်းဖြစ်သဖြင့် ပျက်မှုကိုသိခြင်း ဖြစ်ပါသည်။ ထိုသင်္ခါရများ ပေါ်ပြီးနောက် မရှိတော့ခြင်းကို သိခြင်းကို ၀ိပဿနာ သမ္မာဒိဌိ ဖြစ်သည်ဟု မှတ်ယူရပါမည်။ အနိစ္စ၀တ သင်္ခါရဆိုသည့်အတိုင်း သင်္ခါရတရား ပေါ်လာပြီး မရှိတာသိခြင်းသည် တနည်း ပုဂ္ဂိုလ် သတ္တ၀ါ ကင်းသော ဓမ္မ၏ အနိစ္စကို မြင်ခြင်းသည် ၀ိပဿနာ သမ္မာဒိဌိဖြစ်ပါသည်။
ဝိပဿနာသမ္မာဒိဌိသည် အစဖြစ်သော ခန္ဓပဋိစ္စသမုပ္ပါဒ်ကို မိအောင်ကြည့်၊ ပုဂ္ဂိုလ် သတ္တ၀ါ ကင်းသော ဓမ္မ၏ အနိစ္စကို သိမြင်ခြင်းဆိုသည့် ဟောကြာချက်သည် အလွန်လေးနက်သည့် မိန့်မှာချက်များဖြစ်သည်ဟု စာရေးသူ မှတ်ယူပါသည်။ အလွယ့်ပြောရလျှင် ရှုဆဲရှုခိုက်အာရုံ ရှုနေဆဲမှာ မရှိတော့သည်ကို သိမြင်ခြင်းဟု နားလည်ပါသည်။ မရှိတာကို သိသည်ဆိုရာတွင် ပကတိမျက်စိဖြင့် ကြည့်၍ မရှိတော့ခြင်းမျိုး မဟုတ်။ ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် သဘောသက်သက်မျှသာဖြစ်သဖြင့် ပကတိမျက်စေ့ဖြင့် မမြင်နိုင်။ သင်္ခါရဓမ္မတို့ တစ်ခုခုကို ရှုမြင်နေရာမှ မရှိတော့ခြင်းကို ရှုဉာဏ်၌လာထင်လာခြင်းကို သိခြင်းဟု နားလည်ပါသည်။ ဤသို သိမြင်ဖို့ရန် စာဖတ်ရုံ၊ တရားနာရုံဖြင့် သက်သက်ဖြင့် မသိမြင်နိုင်ပါ။ စဉ်းစားတွေးခေါ်ကြည့်ရုံဖြင့် သိခြင်းမျိုးလည်း မဟုတ်ပါ။ ဥပမာပြဆိုရလျှင် စာသင်ခန်းထဲတွင် ဆရာက စာအုပ်ကိုင်၍ သီအိုရီသဘောတရားများကို ရှင်းပြသည်။ နားလည်သဘောပေါက်သည်လည်းရှိသည် မပေါက်သည်လည်း ရှိသည်။ သို့သော် ဆရာက လက်တွေ့ စမ်းသပ်ခန်းဝင်၍ စမ်းသပ်ပြသောအခါ သီအိုရီမှန်ကြောင်း မျက်မြင်တွေ့ရသည့်အခါ ပို၍ရှင်းလင်းစွာ နားလည်ပြီး စိတ်ထဲတွင် စွဲမြဲသွားသည်။ ထို့နည်းတူ ၀ိပဿနာ သမ္မာဒိဌိ အဆင့်ကို တရားနာ၍ သိခြင်းမှာ သီအိုရီသက်သက်ကို သိခြင်းမျိုးဖြစ်ပါသည်။ ခန္ဓာကပြ၍သိခြင်းမျိုးသည် သီအိုရီ မှန်ကန်ကြောင်း လက်တွေ့ စမ်းသပ်ခန်းဝင်၍ သက်သေပြခြင်းနှင့် တူပါသည်။ ဆရာတော်ကြီးမိန့်သလို ခန္ဓပဋိစ္စသမုပ္ပါဒ်ဆိုသည့်အတိုင်း ခန္ဓာကပြ၍ သိခြင်းမျိုး ဖြစ်ပါသည်။ ယင်းသို့ သိနိုင်ဖို့ရာ သမထကမ္မဌာန်း အမျိုးမျိုး ရှိသည့်အနက် နှစ်သက်ရာ ကမ္မဌာန်းကို ဆောက်တည်၍ စိတ္တ၀ိသုဒ္ဓိ စင်ကြယ်သောစိတ် အဓိစိတ္တ တည်ကြည်ခိုင်ခန့်သောစိတ်ဖြစ်ဖို့ ဦးစွာ အားထုတ်ရပါလိမ့်မည်။ ထိုသို့သောစိတ်ဖြင့်သာ သင်္ခါရတရားများဖြစ်သည့် ရုပ်ကိုဖြစ်စေ သိစိတ်ကိုဖြစ်စေ ဝေဒနာကိုဖြစ်စေ ဓမ္မသဘောတရားများကိုဖြစ်စေ သီးခြားစီ ရှုမြင်နိုင်ပြီး ၄င်းတို့၏ မရှိမှု တနည်းဆိုရသော ပေါ်လာပြီး ပျက်စီးပျောက်ဆုံးသွားမှုကို ပိုင်းပိုင်းခြားခြား ဉာဏ်၌ ပေါ်နိုင်သည်။ ဤသည်မှာ ၀ိပဿနာသမ္မာဒိဌိဟု နားလည်ပါသည်။ ၀ိပဿနာသမ္မာဒိဌိဖြစ်ပြီးဆိုသည်နှင့် ဒိဌိ ၃မျိုး ကင်းသွားပါသည်။ သင်္ခါရဓမ္မတို့ကို ဉာဏ်၌ ပြတ်ပြတ်ထင်ထင်ဖြစ်နေခိုက်တွင် ရှုဆဲတစ်ခုတည်းသောအာရုံမှလွဲ၍ ကျန်မည်သည့် အပေါင်းအစုအာရုံဟူသမျှ ရှုဉာဏ်၌ ပေါ်မလာခြင်းသည် မူလက မပြတ်ထင်ရှားနေသော ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ ယောင်္ကျား မိန်းမ ဟူ၍ မှတ်ယူထားသော အထည်ကိုယ်ဟူသမျှ မရှိတော့ပါလားဟူသည့် အသိတစ်ခု ဖြစ်လာစေပါသည်။ ထိုတစ်ကြိမ် လက်တွေ့ကျကျသိမြင်မှုသည် အတ္တကောင် ၀ိဉာဉ်ကောင်မရှိဆိုသည့် မြတ်ဗုဒ္ဓ၏ ဟောကြားချက်ကို တဆင့်စကား မဟုတ် ကိုယ့်တွေ့သိမြင်ခြင်း မဟုတ်ပါလား။ အကျိုးဆက်အနေဖြင့် သက္ကာယဒိဌိ မဖြစ်လာတော့ပါ။ သင်္ခါရဓမ္မတို့ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းကို သိမြင်ရခြင်းကြောင့် ဥစ္ဆေဒဒိဌိကွာပြီး ပေါ်လာပြီး ရှုနေဆဲတွင် ပျောက်ကွယ်သွားခြင်းကို သိမြင်ရသောအခါ သဿတဒိဌိ ကွာပါသည်။
ဤနေရာတွင် အချို့ဓမ္မမိတ်ဆွေတို့က ၀ိပဿနာ သမ္မာဒိဌိ ဖြစ်သွားသည်နှင့် ဒိဌိ ၃ မျိုး ကွာသည်ဟု ဟောကြားချက်ကို ဒိဌိကို သောတာပတ္တိမဂ်ဖြင့်သာ ပယ်သတ်နိုင်သည်ဟု ဘုရားရှင်ဟောကြားချက်ဖြင့် ရောထွေးတတ်ကြသည်။ ၀ိပဿနာမဂ်ဖြင့် မပယ်နိုင် လောကုတ္တရာမဂ်ဖြင့်သာ ပယ်သည်ဟု ဆိုလာကြသည်။ ၀ိပဿနာသည် ဉာဏ်အလုပ်ဖြစ်သဖြင့် ဖြစ်ပျက်အမှန်ကို မြင်တွေ့လိုက်ခြင်းဖြင့် မိမိ၏ဉာဏ်တွင် နဂိုက အမြင်မှား အယူမှား ၃ မျိုးပျောက်သွားပြီး အမှန်မြင်သွားခြင်းသာဖြစ်သည်။ ဤသည်ကိုပင် ဒိဌိကွာသည်ဟု နားလည်ပါသည်။ လက်ရှိဘ၀တွင် နောက်ထပ်အမြင်မှား ဖြစ်စရာမရှိတော့။ အကျိုးအားဖြင့် ရှေ့လာမည့် ကပ်လျက်ဘ၀ သုဂတိလားသည့် အကျိုး ပေးပါသည်။ သို့သော် သံသရာတစ်လျောက် အကြွင်းမဲ့ပယ်ခြင်းကိုမူ လောကုတ္တရာမဂ်ကသာ ပြုလုပ်ခြင်းဟု သဘောပေါက်ပါသည်။ ဆရာတော်ကြီး ဟောကြားချက်တွင်လည်း မဂ်က ၀ဋ်ကို ဖြတ်သည်။ ၀ဋ်ဆိုသည်မှာ ကိလေသာဝဋ် ကမ္မ၀ဋ် ၀ိပါက၀ဋ်ဟု ဆိုထားသည့်အတွက် ဒိဌိကိလေသာဟူသော ကိလေသာဝဋ်ကို ပထမမဂ်က ဖြတ်လိုက်ပါသည်။ ထို့ကြောင့် ဒိဌိကိလေသာ၏ အကျိုး အပါယ်ဇာတိပြတ်သည့် အကျိုး ရပါသည်။
ထို့ကြောင့် ၀ိပဿနာတရားအားထုတ်သူအနေနှင့် ၃ နံပါတ် သမ္မာဒိဌိ မဖြစ်သေးပဲ ဤလူ့ဘ၀မှ ထွက်ခွါသွားရလျှင် အကန်းဘ၀နှင့် လူပြည်ရောက်လာပြီး အကန်းဘ၀ဖြင့် ပြန်ထွက်သွားရသလို အမှောင်ထဲကလာပြိး အမှောင်ထဲမှာကြီး အမှောင်ထဲသို့ ပြန်သွားရသလို ဖြစ်နေပါမည်။ ၀ိပဿနာသမ္မာဒိဌိ တချက်ဖြစ်သွားယုံနှင့် အကန်းဘ၀မှ အလင်းရသွားသူနှင့် တူပါသည်။ အမှောင်ထဲမှာ သွားချင်ရာသွားနေရာက အလင်းရောင်တချက်မြင်လိုက်ပြီး ထိုအလင်းရောင်လာရာသို့ စိုက်စိုက်လိုက်ရင်း အမှောင်ထဲမှ အပြီးပိုင် ထွက်သွားနိုင်သည်အထိ အကျိုးများပါသည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်ကြီးက တရားနာပရိတ်သတ်များကို အမှောင်ထဲမှာ စမ်းတ၀ါးဝါးဖြင့် သွားနေသူများအဖြစ် မြင်ပြီး လွန်စွာသနားဂရုဏာ ဖြစ်သဖြင့် ၁ ယောက်ပဲ အလင်းရရ ၂ ယောက်ပဲ အလင်းရရ မမောနိုင် မပမ်းနိုင် ဟောကြားဆုံးမသွားခဲ့ပါသည်။ သို့သော် ကိုယ်တိုင် ကြိုးစားပန်းစား အားထုတ်ချင်စိတ် မရှိလျှင် အလင်းရနိုင်ပါမည်လား။ စာရေးသူကိုယ်တိုင်လည်း အကန်းဘ၀နှင့် ထွက်သွားရမှာကို လွန်စွာ စိုးရိမ်မိပါသည်။ အကန်းဘ၀နှင့် အမှောင်တွင်းမှာ ရသည့်သုခမှာ အတုများသာဖြစ်ပြီး အမှောင်တွင်းမှ လွတ်မြောက်သည့် သုခသာလျှင် ဒုက္ခမရောသော သုခအစစ်ဖြစ်ပါသည်။
ဤလူ့ဘ၀ရခိုက် သာသနာနှင့်ကြုံရခိုက် တရားစစ်တရားမှန်များကို ဟောကြားနိုင်သူ ရဟန်းတော် အရှင်သူမြတ်များနှင့် ဆုံရခိုက် ၀ိပဿနာ သမ္မာဒိဌိ ဖြစ်အောင် အားမထုတ်နိုင်ခဲ့လျှင် လွန်စွာ အကျိုးနည်းရပြီ။ သံသရာတွင် ဤသို့ နောက်တစ်ကြိမ်ဆုံဖို့ရာ ကောင်းကင်က အပ်တစ်စင်းနှင့် မြေကြီးက အပ်တစ်စင်း ထိအောင် စောင့်ရသလို ဖြစ်နေမည် ဆိုလျှင် လွန်အံ့ မထင်ပါ။ သို့ဖြစ်ပါ၍ ဓမ္မမိတ်ဆွေအပေါင်းတို့တွင် ၀ိပဿနာသမ္မာဒိဌိ ကိုယ်စီရှိကြပါစေကြောင်း ဗုဒ္ဓစာပန်းချီ ကဗျာသီကုံးရင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
စိတ်ရှည်ဇွဲသန် အဓိဋ္ဌာန်၍
မှန်မှန်အားထုတ် ကျိုးမယုတ်ပါ
မုချမလွဲ တစ်ချက်တည်းနှင့်
ရှုဆဲခဏ အနိစ္စကို
ဉာဏ်ဝလာထင် ကြောင်းကျိုးမြင်သော်
ကင်းစင်ဒိဌိ အမှန်သိသည်
ဝိပဿနာ တန်ခိုးမှာကား
တိုးကာဉာဏ်တက် မဂ်ဖိုလ်ထက်တိုင်
ဖောက်ထွက်အမှောင် အလင်းဆောင်သည်
နှောင်ဖွဲ့သံသရာ လွတ်ကြောင်းတည်း။
ချမ်းသာစစ်နှင့်ပြည့်စုံပါစေ
ပြေဇော်
ကံ၊ ကံ၏အကျိုးနှင့် ပတ်သက်၍ ဆွေးနွေးကြ သုံးသပ်ကြပြီးသည့်နောက် ကံမြောက်၏ မမြောက်၏ဆိုသည်ကို သိဖို့ရန် လိုအပ် လာပြန်သည်။ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ လုပ်တိုင်း လုပ်တိုင်း အောက်ပါအချက် ၃ ချက် နဲ့ တိုင်းတာ ကြည့်သင့်သည်-
၁) စေ့ဆော်မှု စေတနာပါ မပါ။ တနည်းဆိုလျှင် အထမြောက်စေလိုသော ရည်ရွယ်ချက် ရှိခြင်း မရှိခြင်း။
စေတနာ ထက်သန်ခြင်း၊ မထက်သန်ခြင်း။
၂) ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ် ယှဉ် မယှဉ်။
၃) သီလသမာဓိပညာ ဘုန်းကံကြီးတဲ့သူကို ရည်စူးမိခြင်း ရှိ မရှိ။
ဤ ၃ ချက် အားကောင်းမှု မကောင်းမှုအပေါ်မူတည်၍ ကံ အကျိုးပေး အနည်းအများ ကွာပါသည်။ တစ်ခုတည်းကို ရွှေးထုတ်ပြရလျှင် စေတနာသည်သာ အခရာကျနေပါသည်။ သိလျက်ပြုခြင်း မသိ၍ပြုခြင်းအပိုင်းတွင် ဒိဌိနဲ့ ယှဉ်လျက် အကောင်းအဆိုးမသိခြင်းနှင့် ဒိဌိကင်းသော်လည်း မရည်ရွယ်ပဲ မသိ၍လုပ်မိခြင်းတို့ရှိသည်။ ဒိဌိမကွာသေးသူမှာ အမှားကို အမှန်ထင်ပြီးလုပ်သောကြောင့် လုပ်မိသမျှ စိတ်အားထက်ထက်သန်သန် လုပ်မိသောကြောင့် အပြစ်ပို ဖြစ်နေတတ်သည်။ ဒိဌိကင်းသောသူများမှာ မလုပ်ခင်မှာပင် အမှားအမှန်ဆန်းစစ်လေ့ရှိသဖြင့် အမှားမှန်းသိသိဖြင့် ရည်ရွယ်ချက်ရှိရှိ ဘယ်သောအခါမျှ မလုပ်ကြပါ။ တခါတရံ အပြစ်သင့်နိုင်သော ကိစ္စတွေ လုပ်မိတဲ့အခါ အပြစ်မဖြစ်ဘူးလားမေးလျှင် ဖြစ်စေလိုတဲ့ စေတနာ မပါလို့ ကံမမြောက်ပါဟု ယုံကြည်ပါသည်။
ကြောင့်ကြမစိုက်ပဲ မရည်ရွယ်ပဲ လုပ်မိသည့်အလုပ်များကို ဥပမာပြရလျှင် လမ်းသွားရင်း ပိုးကောင်းလေးများ၊ ပုရွက်ဆိတ်လေးများ တက်နင်းသည့် ကိစ္စမျိုးကို ဆိုလိုပါသည်။ တက်နင်းရင် သေမည်ကိုသိသည်။ သေလည်း မတတ်နိုင်၊ တက်နင်းမည်ဆိုလျှင် သေစေလိုသော စေတနာပါ ပါသည်။ ကံမြောက်ပါသည်။ မမြင်မိပဲ တက်နင်းမိသည်။ သေစေလိုသော စေတနာမပါ၍ ကံမမြောက်ပါ။ မျက်စိကောင်းလျက် ကြည့်လျှင် မြင်နိုင်ပါလျက် “ ငါတော့ မကြည့်ပဲလျောက်ပြီ။ ရှေ့ကဖြတ်မလာနဲ့။ တက်နင်းမိရင် မတော်တဆပဲ” ဟူ၍ လျှောက်သော် မရည်ရွယ်သော်လည်း သေစေလိုတဲ့ စေတနာ မကင်းပါ။ တဖန် အကုသိုလ်ဖြစ်မည်ဆိုး၍ တကူးတကအောက်ကြည့်ပြီး တလှမ်းချင်းသွားနေလျှင်လည်း ခရီးကမတွင်ချေ။ ထိုသို့ အစွန်းမရောက်ပဲ အမှုမဲ့ အမှတ်မဲ့လည်း မသွား။ တွေ့မိရင် တက်မနင်းမိအောင် ရှောင်မည်ဆိုသူများတွင် သေစေလိုသော ဆန္ဒ နဂိုကတည်းက မပါပါ။ အကယ်၍ နင်းမိလျှင်လည်း သေစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် တက်နင်းနေခြင်းမဟုတ်သဖြင့် စေတနာ မပါသောကြောင့် ကံမမြောက်ပါ။ ထိုအတူ ကားမောင်းနေရင်း ခွေးက လမ်းပေါ်ဖြတ်လာခြင်းမျိုးတွင် သေစေလိုတဲ့ဆန္ဒ မရှိသဖြင့် ကြိုးစားဘရိတ်အုပ်သော်လည်း မလွတ်ပဲ တိုက်မိ၍ ခွေးသေခဲ့လျှင် ပါနာတိပါတ မမြောက်ဘူးဟု နားလည်ပါသည်။ ဤနေရာမှာ ခွေးသေသောကိစ္စကို ဥပေက္ခာသဘော ထားရမည်။ သတ္တ၀ါမှန်သမျှ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပဲ “တော်တော်ဆိုးတဲ့ခွေး အတင်းဖြတ်တယ်၊ သေတာပဲအေးတယ်” ဆိုလျှင်ဖြင့် ပုဗ္ဗ္ပနဲ့ မုဉ္စ မှာ မမြောက်ပဲ အပရစေတနာက ကံမြောက်နေမည်။
အချို့ကိစ္စများကျတော့ တကူးတက ရည်ရွယ်ပြီး အားစိုက်မလုပ်လျှင် အထမမြောက်သော ကိစ္စရပ်များရှိပါသည်။ ထို ကိစ္စတွေများတွင် စေ့ဆော်မှု စေတနာပါမှ အထမြောက်ပါသည်။ ဥပမာ…အရက်မူးနေစဉ် တဖက်လူအပေါ် ခြေလွန်လက်လွန် လုပ်မိသော လူအချို့သည် အမူးပြေသော်အခါ “ကျွှန်တော် ဘာလုပ်လိုက်မှန်းမသိဘူး၊ အရက်သောက်ထားတော့ သွေးဆူပြီး လုပ်လိုက်မိတာပါ၊ စိတ်မကောင်းပါဘူး၊ ဖြစ်စေလိုတဲ့ စေတနာ မပါပါဘူး” ဟုပြောလည်း ကံကဖြင့် ပြီးမြောက်သွားပါပြီ။ ဖြစ်နေတဲ့အချိန်တွင် ကျုးလွန်းသည့် ကာယကံအမှုသည် ဒေါသစိတ်နဲ့အတူ စေတနာစေတသိတ်မပါပဲ မပြီးပါ။ မိမိကိုယ်မိမိသာ လှည့်စားလို့ရမည်။ ကမ္မနိယာမဟူသော သဘာဝတရားက ခွင့်လွတ်မည် မဟုတ်။ အရိပ်လို လိုက်မည် မုချဖြစ်ပါသည်။ စေတနာအနည်း အများလိုက်လို့ ကံအကျိုးပေး အနည်းအများသာ ကွာနိုင်ပါသည်။
ကာမသုကိစ္စမျိုးတွင် ပိုးကောင်းလေးတွေ တက်နင်းသလို အမှတ်တမဲ့ မတော်တဆ ကာမဆက်ဆံမှုဟု ပြောမရတော့ပါ။ ထိုကိစ္စမျိုးသည် အားထုတ်မှု မပါပဲ ဖြစ်သည့်ကိစ္စ မဟုတ်ပါ။ မပြုခင် ပြုဆဲမှာပါ စေတနာဦးဆောင်သော ကံအမှု မဟုတ်ပါလား။ တဖက်က ကာမပိုင်ရှိဖြစ်နေသည်ကို ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကံမြောက်သွားပါပြီ။ ထို့ကြောင့် ကာမသု မိစ္ဆာစာရကံသည် နှစ်ဦး သဘောတူတူ မတူတူ ကံမပြုခင်၌ အကုသိုလ်ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မိမိဘာသာ ဦးစွာ သိအောင်လုပ်သင့်ပါသည်။ ကာမပိုင်ရှိတာ သိသွားလျှင်ဖြင့် အကုသိုလ် ဖြစ်တော့မည်။ မသိလျှင် လွတ်သည်ဟု ယူဆထားသူများကို ကမ္မသတ္တိက အပြစ်မှ ကင်းလွတ်ခွင့် ပြုလိမ့်မည်မဟုတ်။
ခိုးခြင်းအမှုလည်း တူတူပင်။ ကံမပြုခင် ပြုဆဲ ပြုပြီး စေတနာ ဗျာပါရများသော အမှုကိစ္စဖြစ်ပါသည်။ ဘေးလူက ကိုယ်မသိအောင် ကိုယ့်အိတ်ထဲ လာထည့်လျှင်တော့ ယူလိုတဲ့ စေတနာမပါ၍ ခိုးခြင်း မမည်သော်လည်း ကိုယ်တိုင်သိသွားပြီး ဆက်လက်ခံထားရင် ခိုးခြင်းမြောက်ပါပြီ။ လမ်းပေါ်မှ ကောက်ရသော ပစ္စည်းဖြစ်လို့ ယူမိလျှင် ပိုင်ရှင် စွန့်ပစ်ထားသော ပစ္စည်း မဟုတ်ပါက ပိုင်ရှင် မပေးသော ပစ္စည်း ဖြစ်နေပါပြီ။ အချို့က “ရေအဆုံးကုန်းတ၀က်” ဟု ပြောလေ့ရှိသည်။ လိုချင်လို့ ပြောခြင်းသာ ဖြစ်လိမ့်မည်။ ဥပဒေရှုထောင့်က ကြည့်လျှင်ပင် တိုင်းပြည်၏ ရေပြင်မြေပြင်ဝေဟင်ရှိ ပိုင်ရှင် မရှိသော အရာအားလုံး နိုင်ငံပိုင် ပြည်သူပိုင် ပစ္စည်းဖြစ်သည်ဟု ဆိုထားပါသည်။ မိမိသဘောဖြင့် ယူမိလျှင် ခိုးမှုမြောက်ပါသည်။
သဘာဝတရား၏ နိယာမဖြစ်စဉ်များသည် လူညီလျှင် ဤကို ကျွှဲဖတ်ရကောင်းသောကိစ္စများ မဟုတ်ပါ။ မည်သူ့ကိုသာစေ မည်သူ့ကိုနာစေဆိုတာမျိုးလည်း မရှိပါ။ ဗုဒ္ဓဘာသာဝင်မို့လို့ အပြစ်နည်းလိမ့်မည်ဟုလည်း ကင်းလွတ်ခွင့် မရှိပါ။ ပရမတ်နယ်တွင် အများလက်ခံထားသော ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့ မရှိပါ။ စိတ်စေတသိတ်ရုပ်ဆိုတဲ့ ပရမတ်တရားတွေ အကြောင်းစုံလို့ ပေါင်းစုံဖြစ်လာကြပြီး မမြဲတဲ့သဘောတရားကို မလွန်ဆန်နိုင်လို့ ပျက်စီးသွားကြတဲ့သဘောသာရှိသည် မဟုတ်ပါလား။ ဖြစ်ချင်သလို ဗရမ်းပတာ ဖြစ်နေခြင်းမျိုးလည်း မဟုတ်။ ဖြစ်စဉ်အားလုံးတို့ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို တိတိကျကျ မိမိမသိလျှင်သာရှိမည်။ အကျိုးတရားတစ်ခုပေါ်လာတိုင်း တိကျတဲ့ အကြောင်းတရားများ ရှိနှင့်နေပါသည်။ အနတ္တသဘောနဲ့ သံသရာတစ်လျောက် စီးမျောနေသော ခန္ဓာ ၅ ပါး အစုအဝေးတို့သာ ရှိပါသည်။ ထိုခန္ဓာ ၅ ပါးတို့၏ စက္ကန့်မလတ် အသစ်အဟောင်း ပြောင်းလဲနေသောဖြစ်စဉ်ကို ချိတ်ဆက်ပေးနေသူမှာ ကမ္မသတ္တိ ဖြစ်ပါသည်။ ထိုကမ္မသတ္တိ မပြတ်ရှိနေသရွှေ့ ရုပ်နာမ်အသစ်တို့ မပြတ်ဖြစ်နေရပြန်သည်။ ပေါ်လာသမျှ ရုပ်နာမ်ကို အဟုတ်မှန်ခွစီးပြီး ကမ္မသတ္တိများဖြစ်အောင် လုပ်ကြံဖန်တီးနေသူကတော့ အ၀ိဇ္ဖာဟူသော မျက်လှည့်ဆရာဖြစ်ပါသည်။ သို့သော် အ၀ိဇ္ဖာသည် သူတစ်ဦးထဲ ထင်တိုင်းကြဲလို့ မရ။ အမှောင်ရှိလျှင် အလင်းရှိသလို အ၀ိဇ္ဖာ၏ပြိုင်ဘက် ပညာဆိုတာ ရှိလာပြန်သည်။ အ၀ိဇ္ဖာသည် သံသရာအတွင်းမှ မထွက်နိုင်အောင် ကံသတ္တိကို ဆက်ပေးသလို ပညာသည် သံသရာအပြင်ရောက်အောင် ကံသတ္တိကို ဖြတ်ပေးသည်။
ဖြတ်ပုံဖြတ်နည်းမှာ အစပထမတွင် အ၀ိဇ္ဖာနေရာတွင် ပညာအစားထိုးဖို့ ကြိုးစားရမည်။ အ၀ိဇ္ဖာဦးဆောင်ခွင့်ရလျှင် အမဲကံ၊ အဖြူကံ၊ အဖြူအမဲရောနေသောကံ ၃ မျိုးလုံး ဖြစ်စေသည်။ ပညာကဦးဆောင်လျှင် အဖြူကံများသာ ဖြစ်ခွင့်ရသည်။ အဖြူကံများမှ ပေါက်ဖွားလာသော အမျိုးမြတ်သော ရုပ်နာမ်များပေါက်ဖွားလာသည်။ ထိုရုပ်နာမ်မျိုးမှသာ အားကြီးသောပညာဖြစ်ခွင့်ရသည်။ ပေါ်လာသမျှ ရုပ်နာမ်တိုင်းကိုပညာဦးဆောင်ဖို့ရန် အ၀ိဇ္ဖာကို မောင်းထုတ်ဖို့ရန် ပညာအားကြီးဖို့လိုသည်။ သို့မှသာ အဖြူကံများ တဖြေဖြေတိုးလာမည်။ အမဲကံများနည်းနည်းလာမည်။ အ၀ိဇ္ဖာလည်းနေရာမရတော့။ တချိန်တွင် ပညာအထွတ်အထိပ် ရောက်သောအခါ အဖြူကံလည်းမဖြစ်၊ အမဲကံလည်းမဖြစ်တော့။ ထိုအဖြူအမဲကံများ မဖြစ်တော့ခြင်းသည် ကံပြတ်ခြင်းဖြစ်ပါသည်။ ရုပ်နာမ်အသစ်များ မဖြစ်ပေါ်တော့ချေ။ ဤသို့ ရုပ်နမ်အသစ်များ ဖြစ်ပေါ်ခွင့်မရသောကြောင့် အတိတ်ဘ၀ပေါင်းများစွာက ဖြူကံ၊ မဲကံ၊ ဖြူမဲရောကံများလည်း အပင်ပေါက်ခွင့်မရသော မျိုးစေ့များဘ၀ရောက်သွားရတော့သည်။ အဖြူကံဆိုသည်မှာ ကုသိုလ်ကံ နှင့် အမဲကံဆိုသည်မှာ အကုသိုလ်ကံတို့ ဖြစ်ကြသည်။
အနှစ်ချုပ်အားဖြင့် အဖြူကံ အမဲကံဆိုသည်ကို ပိုင်းခြားသိဖို့လိုပါသည်။ သိလျှင် အမဲကံ ဖြစ်ခွင့်မပြုအောင် ပညာဦးစီးရမည်။ အဖြူကံများကြောင့် မြင့်မြတ်သော ရုပ်နာမ်အသစ်များ ဖြစ်ခွင့်ရမည်။ တဖြေးဖြေးတိုး၍ အ၀ိဇ္ဖာနေရာတွင် ပညာအစားထိုးလာမည်။ အ၀ိဇ္ဖာတို့လုံးဝကင်းစင်ပြီး ပညာအထိဋ်အထိပ်ရောက်လာသောအခါ အဖြူအမဲကံများ မဖြစ်ပေါ်လာတော့ချေ။ ထိုအခြေအနေသို့ ရောက်ရှိလာလျှင် သက်ရှိလောက အပါအ၀င် လောက ၃ ပါး၌် မြင့်မြတ်သော ဘုန်းကံကြီးသော ဘ၀အခြေအနေတရပ်ကို ရောက်ရှိလာခြင်း ဖြစ်ပါသည်။ နောက်ဆုံး ရုပ်နာမ်ခန္ဓာဇာတ်သိမ်းပြီး ဤလောက ၃ ပါးသို့ ဘယ်သောအခါမှ ပြန်မလာသော နုတ်ဆက်ခြင်းဖြင့် အပြီးအပိုင် နုတ်ဆက်ထွက်ခွါသွားမည် ဖြစ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
|
ပြေဇော်
|
မမြဲဖြစ်ပျက် ရှေ့နောက်ဆက်လည်း
မြဲလျက်သာမြင် ပုထုဇဉ်။
မမြဲဖြစ်ပျက် ဉာဏ်၌သက်၍
မြဲလျက်တည်ရာ မရှိပါဟု
သောတာပန်အသိ စူဠရှိ။
မမြဲဖြစ်ပျက် ဉာဏ်၌သက်ပြီး
ဖြစ်ပျက်အဆုံး နာမ်ရုပ်မုန်းကာ
သုံးလက္ခဏ မျက်မှောက်ပြလျှင်
အသင်္ခတ နိဗ္ဗာန်ရ။
သောတာပန်အစစ် အရိယာဖြစ်က
ထုဆစ်ပိုင်းခြား မြတ်တရားကို
ယုံမှားကင်းစင် ကြောင်းကျိုးမြင်၏
ဖယ်ကျဉ်ဒိဌိ သစ္စာသိ၏
မရှိတရား ရှိတရား
ဤကား အကာ
ဤမှာ အနှစ်
တုစစ် မရော
မမျော သြဃ
ဘ၀ ခုနှစ်လီ
လွန်သည်၏ အဆုံး
နိဂုံးရောက်သော်
မဖောက်မပြန် မြတ်နိဗ္ဗာန်တွင်
ခန္ဓာမတည် ငြိမ်းအေးသည်ကား
သန္တိသုခ ထူးမြတ်လှ၏
ပြုရမျက်မှောက် အကျိုးတည်း။
ပြေဇော်
၁၅-၁၁-၀၈